အန္တာတိကမှာ အဏ္ဏဝါ ဘေးမဲ့ဇုံ ကြေညာ

အန္တာတိက ရော့စ် ပင်လယ်ပြင်
ဓာတ်ပုံ ပုံစာ,

ရော့စ် ပင်လယ်ပြင်မှာ အာ့ဒေးလီ ပင်ဂွင်း စုစုပေါင်းရဲ့ ၃၈% ကျက်စား

အန္တာတိက ဒေသက ရော့စ် ပင်လယ်ပြင်ကို အဏ္ဏဝါ ဘေးမဲ့ဇုံ အဖြစ် သတ်မှတ်ဖို့ နိုင်ငံပေါင်း ၂၄ နိုင်ငံ က ကိုယ်စားလှယ်တွေနဲ့ ဥရောပ သမဂ္ဂ အဖွဲ့ အီးယူတို့ အကြား သဘောတူမှု ရရှိလိုက်တဲ့ အတွက် ကမ္ဘာ့ အကျယ်ပြန့်ဆုံး အဏ္ဏဝါ ဘေးမဲ့ဇုံ ပေါ်ပေါက် လာခဲ့ပြီ ဖြစ်ပါတယ်။

စတုရန်း မိုင်ပေါင်း ခြောက်သိန်း ရှိတဲ့ ကမ္ဘာ့ တောင်ဘက်ပိုင်း အဏ္ဏဝါ ပင်လယ်ပြင်မှာ စီးပွားဖြစ် ငါးဖမ်း တာတွေကို ၃၅ နှစ်တာ မပြုလုပ်ရေး သဘောတူညီ ခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာဂြိုဟ်ရဲ့ အဏ္ဏဝါ ဆိုင်ရာ ဂေဟစနစ် အကောင်းတိုင်း ကျန်ရစ် အနေနိုင်ဆုံး အရပ်ကို အကာအကွယ် ပြုလိုက် နိုင်တာပဲ ဆိုပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ဒီ သဘောတူညီမှု အပေါ် ကြိုဆို နေကြပါတယ်။

နိုင်ငံတကာ ရေပိုင်နက် တစ်ခုမှာ အခုလို ဘေးမဲ့ဇုံ ပထမဆုံး သတ်မှတ် နိုင်ခဲ့တာ ဖြစ်ပြီး အလားတူ ဘေးမဲ့ ပင်လယ်ပြင်တွေ ထပ်မံ သတ်မှတ် လာနိုင်ဖို့လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက မျှော်လင့် နေကြပါတယ်။

ရော့စ် ပင်လယ်ပြင်မှာ အာ့ဒေးလီ ပင်ဂွင်း စုစုပေါင်းရဲ့ ၃၈% ကျက်စား နေကြသလို၊ တောင်ဝင်ရိုးစွန်း ပက်ထရယ် ငှက်အမျိုးစားတွေရဲ့ ၃၀% နဲ့ မင့်ခီ ဝေလငါး ၆% ရှိနေပါတယ်။