ဖိလစ်ပိုင် သမ္မတက ဘုရားသခင် အလိုကျ မဆဲမဆိုတော့ဘူးလို့ ပြော

Image caption ဂျပန်ခရီးစဉ် ကနေ အပြန် မွေးရပ်မြေ ဒါ့ဗောင်းမြို့ကို ဝင်လာ

ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုံးတွေ သုံးစွဲ ပြောဆိုတာတွေ ရှောင်ကြဉ်ပါ့မယ်လို့ ဘုရားသခင် ထံပါး ကတိပေး ထားတယ် ဆိုပြီး သူ့ရဲ့ ပြောပေါက်ဆိုပေါက် တွေ ခက်ထန် လှတယ်လို့ အသိများတဲ့ ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ပြောလာပါတယ်။

ဂျပန်ခရီးစဉ် ကနေ အပြန် မွေးရပ်မြေ ဒါ့ဗောင်းမြို့ကို ဝင်လာတဲ့ သမ္မတ ဒူတာတေးက သူ့ရဲ့ စကားလုံး အသုံးအနှုံးတွေ ဆင်ခြင်ဖို့ ဘုရားသခင်ဆီက နောက်ဆုံး သတိပေးမှုကို လေယာဉ်ပေါ်မှာ ရရှိ ခဲ့တယ်လို့ ဆိုပါတယ်။

ဆဲဆိုတာတွေ ရပ်ရင်ရပ်၊ မရပ်ရင် လေယာဉ် ပျက်ကျသွားမယ် ဆိုတဲ့ အသံ နားထဲ ကြားလာရတဲ့ အတွက် သူ့ဘက်ကလည်း ဆဲဆို ပြောတာမျိုး ရပ်ပါတော့မယ့် အကြောင်း အာမဘန္တေ ခံခဲ့ရတယ်လို့ မစ္စတာ ဒူတာတေးက လေဆိပ်ကို အရောက် သတင်းထောက်တွေကို ပြောပါတယ်။

အနောက်နိုင်ငံတွေ အပေါ် အထူးသဖြင့် ဦးတည်ပြီး ပြောလေ့ ရှိတဲ့ မစ္စတာ ဒူတာတေးရဲ့ လက်လွတ်စပယ် ပြေဆိုပုံတွေဟာ ဖိလစ်ပိုင် နိုင်ငံမှာ သူ့ကို လူကြိုက်များစေတဲ့ အကြောင်းတွေထဲက တစ်ခု ဖြစ်လာ စေခဲ့ ပါတယ်။

ဘုရားသခင်ကို ကတိပေးတယ် ဆိုတာ ဖိလစ်ပိုင် ပြည်သူတွေကို ကတိပေးတဲ့ အဓိပ္ပာယ်ပဲလို့လည်း သမ္မတ ဒူတာတေးက ပြောခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ကတိစကားဟာ အမေရိကန် နဲ့ အီးယူ တို့ အကြောင်း ပြောတဲ့ အခါမှာ ဖြစ်စေ၊ သူ့ရဲ့ ပြည်တွင်း နိုင်ငံရေး ရန်ဘက် ဆီးနိတ် လွှတ်တော် အမျိုးသမီးအမတ် လိုင်လာ ဒီ လီမာနဲ့ ပတ်သက်ပြီး ပြောတဲ့ အခါမှာ ဖြစ်စေ တည်မှာလား ဆိုတာကတော့ အခြေအနေ အချိန်အခါပေါ် မူတည် လိမ့်မယ်ဆိုပြီး တော့လည်း မစ္စတာ ဒူတာတေးက ပြောတဲ့ အကြောင်း ဖိလိစ်ပိုင် ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ