ကလင်တန် ကိုယ်ပိုင် အီးမေးလ် အသုံးပြုမှု ပြန်စစ်မယ်လို့ FBI ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Reuters
FBI အဖွဲ့ရဲ့ ထုတ်ပြန် ကြေငြာ ချက် နဲ့ ပတ်သက်ပြီး မိမိ ကိုယ်ကိုကိုယ် ယုံကြည်မှု အပြည့် ရှိကြောင်း ဟီလာရီ ကလင်တန်က ပြော
အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပ ဖို့ ၁၁ ရက်ပဲ ကျန်တော့တဲ့ အချိန်မှာ ဟီလာရီ ကလင်တန် ရဲ့ ကိုယ်ပိုင် ဆာဗာ နဲ့ အီးမေးလ် အသုံးပြုခဲ့မှု ကို ပြန်လည် စစ်ဆေး မယ်လို့ ထောက်လှမ်းရေး ဗျူရို FBI အဖွဲ့ကြီး က ကြေညာလိုက်ပါတယ်။
အရင်တုန်းက အမှုစစ်ဆေးစဉ်မှာ မတွေ့ခဲ့ရတဲ့ အီးမေးလ် အသစ် တွေကို ရှာဖွေ တွေ့ ရှိခဲ့ပြီး အဲဒီ အထဲမှာ အရေးကြီး သတင်း အချက်အလက် တွေ ပါ မပါ ဆိုတာ ကို စစ်ဆေးမှာ ဖြစ်ကြောင်း FBI ဒါရိုက်တာ ဂျိမ်းစ် ကိုမီ က ပြောပါတယ်။
FBI အဖွဲ့ရဲ့ ထုတ်ပြန် ကြေငြာ ချက် နဲ့ ပတ်သက်ပြီး မိမိ ကိုယ်ကိုကိုယ် ယုံကြည်မှု အပြည့် ရှိကြောင်း ဟီလာရီ ကလင်တန်က ပြောပါတယ်။
အမေရိကန် ပြည်သူတွေ ဟာ အသေးစိတ် အချက်အလက်တွေကို သိနိုင်ဖို့ အခွင့်အရေး ရှိတာကြောင့် အချက် အလက်တွေကို အမြန်ဆုံး ထုတ်ပြန်ပေး ဖို့ ဒီမိုကရက် ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်က တောင်းဆို ခဲ့ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီး ဌာနဘက်ကလည်း ဟီလာရီ ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် စဉ်မှာ အသုံးပြုခဲ့တဲ့ အီးမေးလ် တွေ ဟုတ် မဟုတ် ဆိုတာ စစ်ဆေး နိုင်ဖို့ FBI နဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက် သွားမယ် လို့ ဆိုပါတယ်။
ဟီလာရီ ကလင်တန် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့စဉ် က ကိုယ်ပိုင် အီးမေးလ် ဆာဗာ အသုံးပြုခဲ့မှု နဲ့ ပတ်သက်ပြီး အမှားအယွင်း တစ်စုံ တစ်ရာ မရှိကြောင်း FBI ဟာ အရင်က ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။
ကလင်တန်ရဲ့ ပြိုင်ဘက် ဒေါ်နယ် ထရမ့် ကတော့ FBI ရဲ့ အမှုကို ပြန်လည် စစ်ဆေး မယ် ဆိုတဲ့ ကြေညာချက်ကို ထောက်ခံ ခဲ့ပြီး ကလင်တန် ရဲ့ ဥပဒေ ဖောက်ဖျက်မှု တွေ အိမ်ဖြူတော် မရောက်စေရေး အတွက် သူ့ကိုယ်သာ မဲပေး ကြဖို့ ထောက်ခံ သူ တွေကို ပြောကြား ခဲ့ပါတယ်။
မစ္စ ကလင်တန် ကို ထောက်ခံ ကြသူတွေ ဘက်ကတော့ ဒီအရေး ကို ဘယ်လို တုန့်ပြန်မလဲ ဆိုတာ အသည်းအသန် စဉ်းစားကြရတော့မှာပါ။
လောလောဆယ် ရွေးကောက်ပွဲ အကြိုစစ်တမ်း တွေမှာ ပြိုင်ဘက် ဒေါ်နယ် ထရမ့် ထက် မဲ အသာ ရနေသလို ရှိပေမယ့်လည်း အခု ကိစ္စကြောင့် တခြား သမ္မတလောင်းတွေဆီကို မဲတွေ ပြန့်သွားရင် အကြိတ် အနယ် ရှိလာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေပါတယ်။

ကလင်တန် နိုင်ငံခြားရေး မူဝါဒ တတိယ ကမ္ဘာစစ်ကို ဉီးတည် နိုင်လို့ ထရမ့်ပြော
ဟီလာရီ ကလင်တန် ရဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ တတိယ ကမ္ဘာစစ်ကို ဦးတည် နိုင်တယ်လို့ ဒေါ်နယ် ထရမ့်က ပြောကြား လိုက်ပါတယ်။