အလက်ပို အရှေ့ခြမ်းမှာ သူပုန်တွေ ထိုးစစ်ဆင်

ဓာတ်ပုံ ရင်းမြစ်, AFP
မြေပြင် တပ်ဖွဲ့ တွေကလည်း ထိုးစစ်ဆင်မှုတွေကို မကြာခင် မှာ လုပ်မယ်လို့ သူပုန် အဖွဲ့က ပြော
ဆီးရီးယား နိုင်ငံ အလက်ပို မြို့ အရှေ့ဘက်ခြမ်း မှာ အစိုးရ တပ်တွေရဲ့ ပိတ်ဆို့မှုကို တွန်းလှန်ဖို့ အတွက် ထိုးစစ်ဆင် တိုက်ခိုက် မှုတွေကို သူပုန် အဖွဲ့တွေက စတင် ခဲ့ကြပါတယ်။
ဒါကတော့ အလက်ပို မြို့မှာ သူပုန် အဖွဲ့က လုပ်တဲ့ ထိုးစစ် အတွင်း ပစ်ခတ် တိုက်ခိုက်မှု အသံတွေ ကို ကြားခဲ့ရတာပါ။
အလက်ပို မြို့ရဲ့ ဘက်ပေါင်းစုံ ကနေ တိုက်ခိုက်မှုတွေကို သူပုန် အဖွဲ့တွေက စတင် ခဲ့ပြီး ဒုံးကျည် တွေ နဲ့ ပစ်ခတ် တာတွေ၊ ကားဗုံးထောင်ပြီး အသေခံ ဗုံးခွဲ တာတွေကိုလည်း လုပ်ခဲ့ကြပါတယ်။
တိုက်ခိုက်မှုတွေ နဲ့ အတူ မြေပြင် တပ်ဖွဲ့ တွေကလည်း ထိုးစစ်ဆင်မှုတွေကို မကြာခင် မှာ လုပ်မယ်လို့ သူပုန် အဖွဲ့က ပြောပါတယ်။
ဒါပေမယ့် အလက်ပို မြို့မှာ ပိတ်ဆို့ ခံထားရတဲ့ သူပုန် အဖွဲ့ဟာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ကို ဘယ်လို ပုံစံ နဲ့ အောင်မြင်အောင် ဆောင်ရွက်မလဲ ဆိုတာ ကတော့ လောလောဆယ်မှာ မသိရ သေးပါဘူး။
ဒီသတင်း နဲ့ တဆက်တည်းမှာပဲ အလက်ပို မြို့ကို လေကြောင်း က တိုက်ခိုက်နေမှု တွေဟာ သင့်တော်တဲ့ အစီအမံ မဟုတ်ဘူးလို့ ရုရှ သမ္မတ ဗလာဒီမီယာ ပူတင်က ယုံကြည်နေကြောင်း သမ္မတ ပြောရေး ဆိုခွင့် ရှိသူက ပြောပါတယ်။
ရုရှ အနေနဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ ကို ဆက်လက် ရပ်နား ထားပြီး အလက်ပို မြို့က အရပ်သား တွေ နဲ့ သူပုန် တွေကို ထွက်ခွာ ခွင့် ပေးဖို့ သမ္မတ ပူတင် က လိုလား နေတယ်လို့ ဆိုပါတယ်။
အလက်ပို မြို့မှာ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြန်လုပ်ဖို့ ရုရှ ကာကွယ်ရေး ဝန်ကြီး က သမ္မတ ဆီက ခွင့်ပြုချက် တောင်းခံ ခဲ့ပြီး နောက်မှာ သမ္မတ ပြောရေး ဆိုခွင့် ရှိသူက အခုလို ထုတ်ဖော် ပြောကြား လာတာဖြစ်ပါတယ်။
ရုရှ အနေနဲ့ ဆီးရီးယားမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန် နေကြောင်း စွပ်စွဲ ချက်တွေ ထွက်ပေါ်နေတဲ့ အတွက် နိုင်ငံရေး ဖန်တီးမှု တစ်ခု ဖြစ်နိုင် ကြောင်း မော်စကို မြို့ကို ရောက် နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။