တောင်ကိုရီးယားမှာ အစိုးရအကြံပေးတွေဖြုတ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption သမ္မတက မစ္စချွိုင်း ကြိုးဆွဲရာ ကရတဲ့ အသွင် ဆန္ဒပြခဲ့ကြ

တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးက သူ့ရဲ့ အကြီးတန်းအကြံပေးတွေကို လူအပြောင်းအလဲ ပြန်လုပ်လိုက်ပါတယ်။

အထုတ်ခံလိုက်ရတဲ့ အကြံပေးတွေထဲမှာ သမ္မတကို လှည့်စားနေတယ်လို့ နာမည်ထွက်နေတဲ့ ချွိုင် စွန်းစီဆိုတဲ့ အမျိုးသမီးနဲ့ နီးစပ်သူတွေလည်း ပါဝင်နေပါတယ်။

သမ္မတ မစ္စ ပတ်က အကြံပေး ၁၀ယောက်ကို ဖြုတ်ဖို့ အမိန့်ပေးခဲ့ပြီး မစ္စချွိုင်ကို သူ့ရဲ့မိန့်ခွန်းတွေ ပြင်ခွင့်ပေးခဲ့တယ်လို့ ဝန်ခံလိုက်တာ ဖြစ်ပါတယ်။

အခုလို ဝန်ခံလိုက်အပြီးမှာ ဆိုးလ်မြို့ခံတွေက သောင်းနဲ့ချီ ဆန္ဒပြခဲ့ကြပြီး သမ္မတကို နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မစ္စချွိုင်းကတော့ အစိုးရနဲ့ ဆက်စပ်ပြီး ဘယ်လို လာဘ်ငွေမျိုးမှ မယူထားဘူးလို့ ငြင်းဆိုထားပါတယ်။

မစ္စ ချွိုင်းရဲ့ ဖခင် ချွိုင်တေမင်းဟာ လူထူးလူဆန်း ဘာသာရေးခေါင်းဆောင် တယောက်ဖြစ်ပြီး သူသေဆုံးတဲ့ ၁၉၉၄ခုနှစ် အထိ သမ္မတ မစ္စ ပတ်ကို စောင့်ရှောက်ထားခဲ့တာ ဖြစ်ပါတယ်။

အစိုးရအလုပ် အတွေ့အကြုံမရှိတဲ့ မစ္စချွိုင်းကို နောက်ကြောင်းလုံခြုံရေး မစစ်ဆေးပဲ နိုင်ငံအကြံပေးအဖြစ် တောင်ကိုရီးယားသမ္မတက ခန့်ထားခဲ့တာ ဖြစ်ပါတယ်။

အခုလို အရှုပ်အထွေး ဖြစ်ပေါ်ခဲ့တဲ့ အတွက် ရုရှား ဇာဘုရင်ခေတ်က တော်လှန်ရေး မဖြစ်ခင် ကရင်မလင်နန်းတော်ကို ချယ်လှယ်ခဲ့တဲ့ ရပ်စ်ပျူတင်နဲ့ခိုင်းနှိုင်းပြီး မစ္စချွိုင်းကို ကိုရီးယား ရပ်စ်ပျူတင်လို့ ခိုင်းနှိုင်း ခေါ်ဝေါ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ