အီတလီ အလယ်ပိုင်း လအနည်းငယ် အတွင်း ငလျင်ကြီး လေးကြိမ် တွေ့ကြုံ

Italy Earthquake
ဓာတ်ပုံ ပုံစာ,

စိန့် ဘင်နာဒစ်ခ် အထိမ်းအမှတ် ၁၄ ရာစု လက်ရာ ရှေး ဘုရားကျောင်း ပျက်စီး။

အီတလီနိုင်ငံ အလယ်ပိုင်းမှာ ဩဂုတ်လက စလို့ လေးကြိမ်မြောက် လှုပ်ခတ်ခဲ့တဲ့ ငလျင် ဒဏ်ကို ခံခဲ့ရ ပြီးတဲ့နောက် သိန်းနဲ့ချီတဲ့ လူတွေဟာ အခက်အခဲ ဒုက္ခတွေ ရင်ဆိုင် ကြရင်းသား ရှည်လျားတဲ့ ညတာကို ကြိုးစား ကျော်ဖြတ် နေကြရပါတယ်။

ငလျင်ဒဏ်ကြောင့် အထောက်အပံ့ အကူအညီတွေ လိုအပ်နေတဲ့ လူ အရေအတွက် ဆယ်ဆ မက မြင့်တက် လာတယ်လို့ မားခေး ဒေသ အုပ်ချုပ်ရေးမှုးက ပြောပါတယ်။

ငလျင်ကြီးရဲ့ နောက်ဆက်တွဲ ဖြစ်လာတဲ့ ငလျင် အသေးစားတွေကြောင့် နေအိမ်တွေ ဆက်လက် ပြိုကျ နေရဆဲ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရတဲ့ မြို့တွေထဲက တစ်မြို့ဖြစ်တဲ့ နောချာ မြို့က မြို့ခံတွေက သူတို့ အဲဒီ့မြို့မှာ ဆက်မနေရဲ လောက်အောင် ကြောက်ရွံ့ ထိတ်လန့် နေရတယ်လို့ ဆိုပါတယ်။

လူတချို့ မြို့ကို စွန့်ခွာ ထွက်သွားခဲ့ကြပြီး၊ ကျန်ရစ်သူတွေ ထဲက တချို့ကတော့ လာရောက် ကူညီသူတွေ စီစဉ်ပေးတဲ့ ယာယီ စခန်း နေရာတွေမှာ နေနေကြသူတွေ ရှိသလို ကိုယ့် မော်တော်ယာဉ် ကားတွေထဲမှာပဲ အိပ်စက် နေကြသူတွေလည်း ရှိပါတယ်။

ဥရောပတလွှား အလေးအမြတ် ထားကြရတဲ့ ခရစ်ယာန် သူတော်စင် စိန့် ဘင်နာဒစ်ခ် အထိမ်းအမှတ် ၁၄ ရာစု လက်ရာ ရှေး ဘုရားကျောင်းလည်း နောချာမြို့ ငလျင်ထဲ ပါသွား ခဲ့ရပါတယ်။

ငလျင်ကြောင့် ပျက်စီး ခဲ့ရသမျှ တွေ ပြန်လည် တည်ဆောက် ပေးမယ်လို့ အီတလီ ဝန်ကြီးချုပ် မက်ထေးအို ရန်ဇီက ကတိပြု ပြောဆိုထားပါတယ်။