FBI ကြေညာချက်ကြောင့် မစ္စစ်ကလင်တန်ကို လူကြိုက်များမှု ကျဆင်း

FBI US Election Clinton
ဓာတ်ပုံ ပုံစာ,

FBI ဒါရိုက်တာ ကိုမီရဲ့ အပြုအမူဟာ မေးခွန်း ထုတ်ဖွယ်ရာ ဖြစ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲရက် ရောက်ဖို့ ၈ ရက်သာ လိုတော့ပြီး ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်နဲ့ ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ် ထရမ့်တို့ဟာ အဓိကကျတဲ့ ပြည်နယ်တွေမှာ ကိုယ်စီ မဲဆွယ် စည်းရုံးလျက် ရှိနေပါတယ်။

နိုဝင်ဘာ ၈ ရက် သမ္မတ ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရမလဲ ဆိုတာ အခု အချိန် စစ်တမ်းတွေ အရ အပြတ် ပြောဖို့ ခက်နေပါတယ်။

ဟီလာရီ ကလင်တန်နဲ့ ဆက်စပ်နိုင်ဖွယ် ရှိတဲ့ အီးမေးလ် တချို့ကို ထပ်မံ တွေ့ရှိ လာတဲ့ အပေါ် စုံစမ်းမှုတွေ ပြုလုပ် နေတယ် လို့ အမေရိကန် ထောက်လှမ်းရေး FBI က ပြီးခဲ့တဲ့ သောကြာ နေ့က ကြေညာ ခဲ့ပါတယ်။

ဒီအချက်ကို ထောက်ပြပြီး ထရမ့်ရဲ့ ဒုသမ္မတလောင်း မိုက်ခ် ပဲန့်စ်က မစ္စစ် ကလင်တန်ဟာ သမ္မတ အဖြစ် တင်မြှောက်ဖို့ရာ အန္တရာယ် ကြီးသူ ဖြစ်တယ် လို့ ဝေဖန်ပါတယ်။

အီးမေးလ် ကိစ္စ ပြန်လည် သုံးသပ်မှုတွေ လုပ်နေတဲ့ အကြောင်း ရွေးကောက်ပွဲ မတိုင်ခင် ရက် အနည်းငယ် အလိုကျမှ ကပ်ပြီး ကြေညာတာဟာ မကြုံစဖူး ဖြစ်တဲ့အတွက် FBI ညွှန်ကြားရေးမှုး ဂျိမ်းစ် ကိုမီရဲ့ အပြုအမူဟာ မေးခွန်း ထုတ်ဖွယ်ရာ ဖြစ်တယ်လို့ မစ္စစ် ကလင်တန်ရဲ့ အောင်နိုင်ရေး အဖွဲ့မှုး ဂျွန် ပိုဒက်စတာ က ဆိုပါတယ်။

FBI ဒါရိုက်တာ ကိုမီ အနေနဲ့ သူဘာကြောင့် အခုလို ကြေညာ ရတာလဲ ဆိုတဲ့ အကြောင်းရင်းခံကို ရှင်းပြသင့်တယ် လို့လည်း မစ္စတာ ပိုဒက်စတာက တောင်းဆို ပါတယ်။

မစ္စတာ ကိုမီရဲ့ ကြေညာချက် ထွက်လာတဲ့ နောက် မစ္စစ် ကလင်တန် အနေနဲ့ လူကြိုက်များမှုမှာ ဦးဆောင် နေနိုင်ခဲ့တဲ့ ရာခိုင်နှုန်း လျော့ကျ သွားတာ တွေ့နေရပါတယ်။