မိုးဆူးလ် မြို့အစပ်ကို အီရတ် တပ်တွေ ရောက်သွားပြီ

အီရတ် တပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

မိုဆူးလ် မြို့ပြင်က နောက်ဆုံးကျေးရွာကို တနင်္လာနေ့ အစောပိုင်းက အီရတ်တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ကြ။

အီရတ် နိုင်ငံမှာ IS တွေ လက်ထဲက မိုဆူးလ်မြို့ကို ပြန်သိမ်းဖို့ ထိုးစစ်ဆင်နေတဲ့ အီရတ် အထူးတပ်ဖွဲ့တွေဟာ အခုအခါမြို့နဲ့ တစ်မိုင် အကွာလောက်အထိ ရောက်လာခဲ့ပြီး မြို့ထဲဝင်ဖို့ ပြင်ဆင်နေကြပြီလို့ သတင်းတွေက ဆိုပါတယ်။

မိုဆူးလ် မြို့ထဲ မဝင်မီ နောက်ဆုံး ကျေးရွာ ဖြစ်တဲ့ ဘက်ဇ်ဝါယာ ကျေးရွာကို တနင်္လာနေ့ အစောပိုင်းက အီရတ် အကြမ်းဖက် တိုက်ဖျက်ရေး တပ်ဖွဲ့တွေက သိမ်းပိုက် နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေး ယာဉ်တန်းကို ကားဗုံးခွဲ တိုက်ခိုက်တာလိုမျိုး IS တွေဘက်က ခုခံမှု တချို့တလေ ရှိခဲ့တယ်လို့ အဲဒီ တပ်ဖွဲ့တွေနဲ့ အတူ လိုက်ပါနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မိုဆူးလ်မြို့ကို IS လက်ထဲကနေ ပြန်သိမ်းနိုင်ဖို့ စစ်ဆင်ရေးမှာ အီရတ် အထူးတပ်ဖွဲ့တွေ၊ ကာဒစ် တိုက်ခိုက်ရေးသမားတွေ၊ ဆွန်နီ အာရပ် မျိုးနွယ်ဝင်တွေ၊ ရှီးယား ပြည်သူ့စစ်တွေ စုစုပေါင်း အင်အား ငါးသောင်းလောက် ပူးပေါင်း ပါဝင်ပြီး မြို့ရဲ့ အရပ်မျက်နှာ ဘက်ပေါင်းစုံကနေ ချဉ်းကပ်နေကြတာ ဖြစ်ပါတယ်။

မိုဆူးလ်မြို့ဟာ ၂၀၁၄ ဇွန်လမှာ IS တွေ လက်ထဲ ကျရောက်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ သူတို့ရဲ့ ခြေကုပ်မြို့ ဖြစ်လာခဲ့တာပါ။

စစ်ဆင်ရေးတွေ မစမီက မြို့ထဲမှာ IS စစ်သွေးကြွ ငါးထောင်လောက်အထိ ရှိနေနိုင်တယ်လို့ ခန့်မှန်းထားခဲ့ပြီး၊ အရပ်သား ကတော့ တစ်သန်းခွဲ လောက်အထိ ရှိမယ်လို့ ယူဆထားကြပါတယ်။

မြို့ကနေ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ အရပ်သား အရေအတွက်ကတော့ ခုချိန်အထိ တစ်သောင်း ခုနစ်ထောင်ကျော် ရှိသွားပြီး နောက်ထပ် ထွက်ပြေးလာနိုင်တဲ့ အရေအတွက်က ခုနစ်သိန်းလောက်အထိ ရှိနိုင်တယ်လို့ ကုလ သမဂ္ဂက ခန့်မှန်းထားပါတယ်။