တရုတ်လုပ် အဆင့်မြင့်ဆုံး တိုက်လေယာဉ် ပျံသန်းပြသ

ဓာတ်ပုံ ရင်းမြစ်, YhC
ရေဒါနဲ့ ခြေရာခံလို့ မရနိုင်တဲ့ ခေတ် အမှီဆုံး တိုက် လေယာဉ်
တရုတ် နိုင်ငံမှာ ရေဒါနဲ့ ခြေရာခံလို့ မရနိုင်တဲ့ ခေတ် အမှီဆုံး တိုက် လေယာဉ်ကို ပထမဆုံး အကြိမ် အများ ပြည်သူကို ထုတ်ပြခဲ့ ပါတယ်။
တရုတ် နိုင်ငံ တောင်ပိုင်း ဂွမ်ဒေါင်း ပြည်နယ်က ဇွန်ဟိုင်း မြို့မှာ လုပ်တဲ့ လေကြောင်း ပြပွဲမှာ လူ အများ စောင့်မျှော် နေကြတဲ့ J-20 ဂျက်တိုက် လေယာဉ် နှစ်စင်း ကို စက္ကန့် ခြောက်ဆယ် လောက် ဝေဟင်မှာ ပျံသန်း ပြခဲ့တာ ဖြစ်ပါတယ်။
အဲဒီ လေကြောင်း ပြပွဲဟာ လေယာဉ် ထုတ်လုပ်၊ ရောင်းဝယ်သူ အများ အပြား စိတ်ပါဝင်စား စွာ တက်ရောက် တွေ့ဆုံ ကြတဲ့ အကြီးဆုံး ပြပွဲ တခုလည်း ဖြစ်ပါတယ်။
အခု ပြသ ခဲ့တဲ့ ဂျက် တိုက်လေယာဉ် တွေကို ရေဒါနဲ့ ထောက်လှမ်း လို့မရနိုင်ဘဲ ဒီလေယာဉ်တွေဟာ ခရီးဝေးလည်း ပျံသန်းနိုင် ပါတယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် တရုတ် အစိုးရဟာ သူတို့ရဲ့ စစ်တပ်ကို ခေတ်မီ လက်နက်တွေ တပ်ဆင်ပြီး အဆင့်မြှင့် ချင်တယ် ဆိုတာကို ပြသနေပါတယ်။
အထူး သဖြင့် တောင်တရုတ်နဲ့ အရှေ့ တရုတ် ပင်လယ် ထဲက ကျွန်းတွေ ပိုင်ဆိုင်မှု အရေးနဲ့ ပတ်သက်လို့ ဒေသတွင်းမှာ တရုတ် စစ်တပ်ဟာ သူများတွေထက် လက်နက် အင်အား အရ သာလွန်မှု ရှိတယ် ဆိုတာ သမ္မတ ရှီကျင်းပင် က ပြလိုတဲ့ ဆန္ဒ ရှိနေ ပါတယ်။
အခု J-20 ဂျက်တိုက် လေယာဉ်တွေကို တရုတ် လေကြောင်း စက်မှု ကော်ပိုရေးရှင်းရဲ့ လက်ခွဲ တခု ဖြစ်တဲ့ ချန်ဒူး လေကြောင်း စက်မှု လုပ်ငန်း အုပ်စုက တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
စစ်လက်နက် ကျွမ်းကျင် သူတွေက ဒီ တိုက် လေယာဉ်တွေကို အမေရိကန် လေတပ် အတွက် ထုတ်ထားတဲ့ လော့ခ် ဟိဒ် မာတင် ရဲ့ F-22 Raptor Jet လေယာဉ်နဲ့ နှိုင်းယှဉ်ပြီး သုံးသပ်ကြ ပါတယ်။
Aviation week စာစောင် က ဘရက်ဒလေ ပီရက်ထ်က တော့ ဒီတိုက်လေယာဉ်တွေကို ကြည့်ခြင်းအားဖြင့် တရုတ်ရဲ့ တိုက်ရည်ခိုက်ရည် တိုးမြှင့်လာနေတယ် ဆိုတာကို အထင်အရှား ပြနေတယ်လို့ ဆိုပါတယ်။
အခု ကျင်းပတဲ့ နိုင်ငံ တကာ လေကြောင်း ပြပွဲဟာ ကမ္ဘာမှာ အကြီးဆုံး လေကြောင်း ပြပွဲ တွေထဲက တခု ဖြစ်ပြီး တရုတ် နိုင်ငံဟာ လာမယ့် ဆယ်နှစ် အတွင်းမှာ ကမ္ဘာ့ အကြီးဆုံး လေကြောင်း ဆိုင်ရာ ပစ္စည်း စျေးကွက် တခု ဖြစ်လာနိုင် သလို ဒါဟာ တရုတ် အစိုးရရဲ့ စစ်ရေး ဆိုင်ရာ သာမက လေကြောင်း ထိန်းသိမ်းရေး နဲ့ ပတ်သက် လို့လည်း ဘယ်လို ရည်ရွယ်ချက် တွေ ရှိတယ် ဆိုတာကို ပြသဖို့ အခွင့်ကောင်း တရပ်လည်း ဖြစ်ပါတယ်။
ဒီပြပွဲမှာ တ ကမ္ဘာလုံးက လေကြောင်းနဲ့ စစ်လက်နက် ပစ္စည်းတွေ လာရောက် ပြသတဲ့ပွဲ ဖြစ်ပေမယ့် တရုတ်ရဲ့ နောက်ဆုံးပေါ် လေကြောင်းနဲ့ စစ်လက်နက် ပစ္စည်းတွေ ကိုသာ လူအများက အာရုံစိုက် ခံခဲ့ရ ပါတယ်။
ဒီ ချန်ဒူ နိုင်ငံ တကာ လေကြောင်းနဲ့ အာကာသ နည်းပညာ တရုတ် နိုင်ငံထုတ် အကြီးစား သယ်ယူ ပို့ဆောင်ရေး လေယာဉ်တွေ ဖြစ်တဲ့ Y - 20 တွေကိုလည်း ပြသခဲ့ပါတယ်။
ဒါ့အပြင် တရုတ် ပင်လယ် အတွင်းမှာ ကင်းလှည့် ရုံသာမက ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်နိုင်တဲ့ ကမ္ဘာ အကြီးဆုံး ရေယာဉ်ပျံ AG 6 ကိုလည်း ပြသထားတာ တွေ့ရပါတယ်။
ဒါတင်မက ဒီပွဲမှာ Xian H - 6K ဗုံးကြဲ လေယာဉ် နဲ့ Changhe Z 10K တိုက်ခိုက်ရေး ရဟတ်ယာဉ် တစင်း ကိုလည်း ပထမဆုံး မိတ်ဆက် ပွဲထုတ် လာလိမ့် ဦးမယ်လို့ မျှော်လင့် နေကြ ပါတယ်။
အခု ပြသ ခဲ့တဲ့ J 20 ဂျက် တိုက်လေယာဉ်ကို ၂၀၁၁ ခုနှစ် တုန်းက စမ်းသပ် ပျံသန်းမှု လုပ်ပြခဲ့ပြီး ဒါကို ၂၀၁၇ သို့မဟုတ် ၂၀၁၉ မှာ ထုတ်လုပ် နိုင်မယ်လို့ တရုတ် က မှန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက အမေရိကန် ကာကွယ်ရေး ဌာန ပင်တာဂွန်က တရုတ်ရဲ့ အဆင့်မြင့် ဂျက် တိုက်လေယာဉ်တွေ ထုတ်လုပ် လာမှု အပေါ် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။
တကယ်တော့ အဲဒီတုန်းက ထွက်လာတဲ့ တရားဝင် စာရင်းတွေ အရ ၂၀၁၀ မှာ တရုတ် အစိုးရရဲ့ စစ်အသုံး စရိတ်ဟာ အမေရိကန် ဒေါ်လာ ၇၈ ဘီလီယံ ရှိပြီး အမေရိကန်က ဒေါ်လာ ဘီလီယံ ၇၀၀ ကျော် သုံးခဲ့တာ ဖြစ်ပါတယ်။

လူလိုက်ပါတဲ့ အာကာသ ခရီး တရုတ် စတင်
တရုတ် အာကာသ ယာဉ်မှုး နှစ်ယောက် အာကာသ ဓာတ်ခွဲခန်း ရှိရာဆီ ထွက်သွားကြပြီ