အမေရိကန် ရွေးကောက်ပွဲ တစ်ပတ်ပဲလိုချိန် FBI အပြုအမူကြောင့် အံ့အား သင့်ရပြန်

US Election FBI
ဓာတ်ပုံ ပုံစာ,

ဒီမိုကရက်တစ် ပါတီရဲ့ ငွေ အလှူရှင် မာ့ခ် ရစ်ချ် ကို သမ္မတ ဘီလ်ကလင်တန် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့။

အမေရိကန် ရွေးကောက်ပွဲရက် ရောက်ဖို့ သီတင်းတစ်ပတ်ပဲ လိုတော့တဲ့ အချိန်မှာ FBI ထောက်လှမ်းရေး အဖွဲ့က မထင်မှတ်တဲ့ အရာတစ်ခု ပြုမူ လာပြန်ပါတယ်။

၂ဝဝ၁ ခုနှစ်တုန်းက အဲဒီ့ အချိန်က သမ္မတ ဘီလ်ကလင်တန် အနေနဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ငွေ အလှူရှင် မာ့ခ် ရစ်ချ် ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ အငြင်းပွားဖွယ် လုပ်ရပ် အပေါ် စုံစမ်း ထားတာတွေနဲ့ ပတ်သက်တဲ့ ၁၂၉ စာမျက်နှာပါ စာရွက် စာတမ်းတွေကို FBI က လူသိရှင်ကြား ထုတ်ပြန် လိုက်ပါတယ်။

၂ဝဝ၅ ကတည်းက ပိတ်သိမ်းနှင့်ပြီးတဲ့ ဒီ အမှုကို ထုတ်ပြန် ပေးဖို့ သတင်းအချက်အလက် ရယူပိုင်ခွင့် အက်ဥပဒေကို အသုံးပြုပြီး လျှောက်ထားမှု ရှိနေတာကို FBI ဘက်က တုံ့ပြန် ဆောင်ရွက် ပေးတာ ဖြစ်တယ်လို့ အမေရိကန် သတင်းဌာနက NBC က ပြောပါတယ်။

ဒါပေမယ့် အခုလို ရွေးကောက်ပွဲ နီးချိန်နဲ့ အချိန်ကိုက်ပြီး ထုတ်ပြန်တဲ့ FBI ရဲ့ အပြုအအမူကို ဟီလာရီ ကလင်တန်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က မေးခွန်း ထုတ် နေပါတယ်။

အမေရိကန် သတင်းဌာန ABC ရဲ့ စစ်တမ်း အရဆိုရင် လူကြိုက်များမှုမှာ တနိုင်ငံလုံး အတိုင်းအတာအရ ထရမ့်က ၄၆% ၊ မစ္စစ် ကလင်တန်က ၄၅% နဲ့ ထရမ့်ကတောင် ၁ % အသာစီး ရနေတယ်လို့ ဆိုပါတယ်။

ကလင်တန်နဲ့ ထရမ့် သမ္မတလောင်း နှစ်ဦးကတော့ ရွေးကောက်ပွဲ အဓိက ပြည်နယ်တွေ ဖြစ်တဲ့ ဖလောရီဒါ၊ ပင်ဆယ်ဗေးနီးယားနဲ့ ဝစ္စကော့စင် ပြည်နယ်တွေမှာ မဲဆွယ်ရေး ခရီစဉ် လှည့်လည် နေပါတယ်။