တောင်ကိုရီးယားသမ္မတကို ဆန္ဒပြတာတွေတိုးလာ

ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ဆန္ဒပြမှုတွေမှာ လူပေါင်း ၄သောင်းလောက် တက်ရောက်ခဲ့ပြီး ရဲ ၂သောင်းကျော်က လုံခြုံရေးယူခဲ့ကြ

တောင်ကိုရီးယားက ဆိုးလ်မြို့တော်မှာ သောင်းနဲ့ချီတဲ့ လူထုက အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံထဲ ပါဝင်နေတဲ့ သမ္မတ ပတ်ဂွန်ဟေးကို နုတ်ထွက်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေမှာ လူပေါင်း ၄သောင်းလောက် တက်ရောက်ခဲ့ပြီး ရဲအရေအတွက် ၂သောင်းကျော်က လုံခြုံရေး ယူခဲ့ကြပါတယ်။

သမ္မတဟာ သူ့ရဲ့ မိတ်ဆွေဟောင်း တယောက်ကို နိုင်ငံရေးကိစ္စတွေမှာ စွက်ဖက်ခွင့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နုတ်ထွက်ရဖို့ ဖိအားတွေ တိုးလာတာ ဖြစ်ပါတယ်။

သမ္မတရဲ့ မိတ်ဆွေဟောင်း မစ္စ ချွိုင်ဟာ ရာထူးအရှိန်သုံးပြီး သူ့ရဲ့ ပရဟိတအဖွဲ့အတွက် အလှူငွေ ဒေါ်လာသန်းနဲ့ချီပြီး လုပ်ငန်းရှင်တွေဆီက ရယူခဲ့တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။

သူဟာ တခြား နိုင်ငံတော်အကြံပေးတွေ ရွေးချယ်မှုမှာ စွက်ဖက်ခဲ့ပြီး သမ္မတ ဘာအဝတ်အစား ဝတ်ရမယ်ဆိုတာကိုပါ ရွေးချယ်လေ့ရှိတယ်လို့လည်း စွပ်စွဲမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်လွှင့်တဲ့ ရုပ်သံမိန့်ခွန်းမှာ သမ္မတက အားလုံး သူ့အမှားပါလို့ ပြောဆိုခဲ့ပေမယ့် အသေးစိတ်ကိုတော့ မရှင်းလင်းခဲ့ပါဘူး။