ကလင်တန် ကို အရေးယူဖို့ မလိုကြောင်း FBI ပြောကြား

အမေရိကန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

FBI ရဲ့ ထုတ်ပြန် ချက် က နောက်ကျ နေပြီလို့ ဒီမိုကရက်တစ် ပါတီ ဘက်က ပြန်လည် တုန့်ပြန်

ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် ရဲ့ ကိုယ်ပိုင် အီးမေးလ် ဆာဗာ အသုံးပြုခဲ့မှု နဲ့ ပတ်သက်ပြီး ရာဇဝတ် ကြောင်း အရ အရေးယူ စရာ မရှိဘူးလို့ FBI ဒါရိုက်တာက ထုတ်ဖော် ပြောကြား လာပါတယ်။

နောက်ဆက်တွဲ ရှာဖွေ တွေ့ ရှိခဲ့ရတဲ့ အီးမေးလ် တွေ ထဲမှာ ဘာမှ သံသယ ဖြစ်စရာ မရှိတဲ့ အတွက် အရေးယူ ဆောင်ရွက် မှာ မဟုတ်ဘူးလို့ ဒါရိုက်တာ ဂျိမ်းစ် ကိုမီ က ကွန်ကရက် ကို ရေးသား ပေးပို့ တဲ့ စာထဲမှာ ထည့်သွင်း ရေးသား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက FBI ရဲ့ အီးမေးလ် တွေကို ပြန်လည် စစ်ဆေး မယ်လို့ ထုတ်ဖော် ပြောကြား ခဲ့မှုကြောင့် ဒီမိုကရက်တစ် သမ္မတ လောင်း ဟီလာရီ ကလင်တန် ဟာ ရွေးကောက်ပွဲ အကြို စစ်တမ်း တွေမှာ ရေပန်းစားမှု လျော့ကျ ခဲ့ရပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ ဟီလာရီ ကလင်တန် ကို ထိခိုက်မှု ရှိခဲ့ပြီး FBI ရဲ့ ထုတ်ပြန် ချက် က နောက်ကျ နေပြီလို့ ဒီမိုကရက်တစ် ပါတီ ဘက်က ပြန်လည် တုန့်ပြန် ခဲ့ပါတယ်။