ဟီလာရီအပေါ် အက်ဖ်ဘီအိုင် ဆုံးဖြတ်ချက် ဒေါ်နယ်ထရမ့် လက်မခံနိုင်

Hillary Clinton, Manchester, New Hampshire

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ,

မဲဆွယ်မှု နောက်ဆုံးရက် ဖြစ်တဲ့ တနင်္လာနေ့မှာ ကလင်တန် ပိုပြီး ရေပန်းစားလာဖွယ်ရှိ။

ဟီလာရီ ကလင်တန် ကိုယ်ပိုင် အီးမေးလ် ဆာဗာ သုံးခဲ့တဲ့ ကိစ္စမှာ အရေးယူစရာ မရှိဘူးလို့ အက်ဖ်ဘီအိုင်က ထုတ်ဖော် ပြောဆိုလိုက်ပြီးနောက် ဒါဟာ မမှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က အက်ဖ်ဘီအိုင်ကို စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီရဲ့ အီးမေးလ်တွေ ကိစ္စကို အသစ် စုံစမ်း စစ်ဆေးခဲ့ရာမှာ အရင် တစ်ကြိမ် ဆုံးဖြတ်ခဲ့သလိုပဲ ပြစ်မှု စွဲဆိုစရာ မတွေ့ရဘူးလို့ အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးက ပြောခဲ့တာပါ။

အက်ဖ်ဘီအိုင် ဒါရိုက်တာရဲ့ အဲဒီလို ပြောဆိုမှုက သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ရက်သာ လိုတော့ချိန်မှာ မစ္စက် ကလင်တန်အပေါ် လွှမ်းမိုးထားတဲ့ အရိပ်မည်းကြီးကို ဖယ်ပေးလိုက်သလို ဖြစ်စေခဲ့ပါတယ်။

အက်ဖ်ဘီအိုင်ရဲ့ ကြေညာချက် မထွက်လာမီ တနင်္ဂနွေနေ့က စစ်တမ်းတွေအရတော့ မစ္စက် ကလင်တန်က ဒေါ်နယ်ထရမ့် အပေါ် လေးငါးမှတ်လောက်သာ အသာစီး ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မစ္စက် ကလင်တန်မှာ ပြစ်မှု စွဲဆိုစရာ မရှိကြောင်း အက်ဖ်ဘီအိုင်ရဲ့ ကြေညာချက်က ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်အတွက် လက်သင့်မခံနိုင်စရာ ဖြစ်လာခဲ့ပြီး အက်ဖ်ဘီအိုင်ကို အခုလို စွပ်စွဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။