အမေရိကန် သမ္မတသစ်ကို ရွေးကြတဲ့ မဲဆန္ဒရှင် အရေအတွက် များပြား

၉၁ နှစ် အရွယ် ဖိုးဖိုး ဖာဘီရို အယ်လ်ဗာရာဒိုလည်း မဲပေး
အမေရိကန် တနံတလျား က မဲရုံတွေမှာ သမ္မတ ရွေးကောက်ပွဲ အတွက် လာရောက် မဲထည့်သူ အရေအတွက် များပြား လှတယ်လို့ သတင်းတွေ ရရှိ ထားပါတယ်။
အိမ်ဖြူတော် နေရာကို ဟီလာရီ ကလင်တန် ရနိုင်မလား၊ ဒေါ်နယ် ထရမ့်ပဲ အမေရိကန် သမ္မတ သစ် ဖြစ်လာ မှာလား ဆိုတဲ့ အချက်ဟာ မဲလာထည့်သူ အရေအတွက် အပေါ် အဓိက တည်မှီ နေလိမ့်မယ်လို့ ဆန်းစစ်သူတွေက ဆိုထား ကြပါတယ်။
အခု ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရသည် ဖြစ်စေ အမေရိကန် နိုင်ငံရေး အတွက်တော့ သမိုင်းဝင် ဖြစ်လာ ပါလိမ့်မယ်။
အမေရိကန် မှာ အမျိုးသမီး သမ္မတ မရှိခဲ့ဖူး သလို၊ အရပ်ဘက်နဲ့ စစ်ဘက် ရာထူးနေရာ တာဝန်ကြီး မထမ်းဆောင် ခဲ့ဖူးသူ ဘယ်သူမှလည်း သမ္မတ မဖြစ်ခဲ့ဖူး ကြပါဘူး။
ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့် ကတော့ ထွက်ပေါ် လာမယ့် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံတယ်လို့ သူ့ အနေနဲ့ မကြေညာခင် အခြေအနေတွေ ဘယ်လို ရှိခဲ့သလဲ ဆိုတာ ကြည့်ရဦးမယ် လို့ ရုပ်သံ တွေ့ဆုံခန်း တစ်ခုမှာ ပြောလာ ပြန်ပါတယ်။
ရွေးကောက်ပွဲ အတွင်း သံသယ ဖြစ်စရာ တချို့ ရှိနေတယ်လို့ မစ္စတာ ထရမ့်က ပြောပေမယ့် ဘာတွေလဲ ဆိုတာကိုတော့ အသေးစိတ် ပြောတာမျိုး မရှိပါဘူး။
အခု ရွေးကောက်ပွဲမှာ မရိုးသားမှု တွေ ရှိနေပြီး ထွက်ပေါ် လာမယ့် ရလဒ်ဟာ မေးခွန်း ထုတ်ဖွယ် ဖြစ်နေရင် သူ့ဘက်က ဥပဒေကြောင်း ဆိုင်ရာ စိန်ခေါ်မှုတွေ ပြုလုပ် သွားမယ်လို့ မစ္စတာ ထရမ့်က သူ့ရဲ့ ရွေးကောက်ပွဲ အကြို ပြောဆို မှုတွေထဲ ထည့်သွင်း ပြောဆို နေခဲ့ပါတယ်။
ဓာတ်ပုံ - အမေရိကန် နိုင်ငံသား ဖြစ်တာ အသစ်စက်စက်ပဲ ရှိသေးတဲ့ အသက် ၉၁ နှစ် အရွယ် ဖိုးဖိုး ဖာဘီရို အယ်လ်ဗာရာဒိုလည်း ကယ်လီဖိုးနီးယား ပြည်နယ် နော်ဝေါ့လ်ခ် မှာ မဲလာ ထည့် ခဲ့ပါတယ်။