အဆင်းရဲဆုံး နိုင်ငံတွေက ရာသီဥတုပြောင်းတဲ့ ဒဏ် အခံရဆုံး ဖြစ်နေ

Image caption အပူချိန် မြင့်တက် လာရတာဟာ လူ့ရဲ့ ပယောဂကြောင့် ဖြစ်

မော်ရိုကို နိုင်ငံ မာရာကက်ရှ်မြို့မှာ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲခြင်းကို ထိန်းချုပ် နိုင်ဖို့ရာ နိုင်ငံတကာ ပါဝင်တဲ့ ထိပ်သီး ညီလာခံ ကျင်းပနေတာမှာ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ WMO က ညီလာခံ အတွင်း အစီရင်ခံစာ တစ်စောင် ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီ့ အစီရင်ခံစာ အရ ၂ဝ၁၁ ခုနှစ် ကနေ ၂ဝ၁၅ အထိ ၅ နှစ်ဟာ ကမ္ဘာ့ သမိုင်း တလျှောက် မှတ်တမ်း တင်ထား နိုင်သမျှထဲ အပူဆုံး နှစ်တွေပဲလို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့ အပူချိန် မြင့်တက် လာရတာဟာ လူ့ရဲ့ ပယောဂကြောင့် ဖြစ်တယ် ဆိုတဲ့ အဆက်အစပ် ကိုလည်း အဲဒီ့ အစီရင်ခံစာထဲ ခိုင်ခိုင်မာမာ ဖော်ပြ ထားပါတယ်။

Germanwatch ဆိုတဲ့ အဖွဲ့ကလည်း သီးသန့် အစီရင်ခံစာ တစ်စောင် ထွက်လာတာမှာ ကမ္ဘာ့ အပူချိန် မြင့်တက်အောင် လုပ်ဆောင်တာ အနည်းဆုံး ဖြစ်တဲ့ တနည်းအားဖြင့် လေထုထဲ ဖန်လုံအိမ် ဓာတ်ငွေ့တွေ ထုတ်လွှတ်မှု အနည်းဆုံးဖြစ်တဲ့ အဆင်းရဲဆုံး နိုင်ငံတွေဟာ ပြင်းထန် ဆိုးရွားတဲ့ ရာသီဥတုကို ရင်ဆိုင် ကိုင်တွယ်ဖို့ ပြင်ဆင်မှု အနည်းဆုံး နိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Germanwatch က ထုတ်ပြန်တဲ့ ရာသီဥတ ဖောက်ပြန်မှုကြောင့် အန္တရာယ် အကျရောက် ခဲ့ဆုံး ထိပ်ဆုံး ၁ဝ နိုင်ငံ စာရင်းထဲ မြန်မာ နိုင်ငံလည်း ပါဝင် နေပြီး မိုဇမ်းဘစ်၊ ဒိုမနီကာ၊ မာလာဝီနဲ့ အိန္ဒိယ တို့က ထိပ်ဆုံးက ဖြစ်ပါတယ်။

ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲ ဖောက်ပြန် လာတာကြောင့် အပူလှိုင်း ဖြတ်တဲ့ ဒဏ်တွေ၊ မိုးခေါင်မှုတွေ၊ မိုးကြီးရွာပြီး ရေကြီးရေလျှံ ဖြစ်တာတွေဟာ အစွန်းရောက် ပြင်းထန် လာတယ်လို့ သုတေသီ တွေက ပြောနေပါတယ်။