အိန္ဒိယ ဘဏ်တွေမှာ ငွေစက္ကူလဲဖို့ လူတွေ တန်းစီ

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယ နိုင်ငံမှာ တန်ဖိုးကြီး ငွေစက္ကူတွေဖြစ်တဲ့ ရူပီး ငါးရာတန်နဲ့ တစ်ထောင်တန်တွေကို အစိုးရက ရုပ်သိမ်းလိုက်တဲ့အတွက် ဘဏ်တွေရှေ့မှာ လူတွေ တန်းစီ စောင့်ဆိုင်းနေကြပါတယ်။
အင်္ဂါနေ့ညက ရုပ်သိမ်းလိုက်တဲ့ ငွေစက္ကူ အဟောင်းတွေကို အသစ်နဲ့ လဲလှယ်ထုတ်ယူဖို့အတွက် တန်းစီနေကြတာ ဖြစ်ပြီး တချို့နေရာတွေမှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်။
အဲဒီ ငွေစက္ကူတွေကို တရားမဝင် ကြေညာခဲ့တာဟာ ငွေမည်း ကိုင်ဆောင်သူတွေကို ပစ်မှတ်ထား ရှင်းလင်းဖို့ ဖြစ်တယ်လို့ အိန္ဒိယ အစိုးရက ပြောပါတယ်။
တချို့ဘဏ်တွေမှာ လဲပေးဖို့ ငွေစက္ကူတွေ ပြတ်လပ် သွားတဲ့အတွက် ဗုဒ္ဓဟူးနေ့က ပိတ်ထား ခဲ့ကြရပါတယ်။
ဘဏ်ကတ်နဲ့ ငွေစက္ကူ ထုတ်သုံးရတဲ့ အေတီအမ် စက်တွေမှာလည်း အကန့်အသတ်တွေ လုပ်ထားပါတယ်။
မွမ်ဘိုင်းမြို့နဲ့ ဒေလီမြို့က ဘဏ်တွေရှေ့မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ခဲ့ကြပါတယ်။