နင်းမရုမြို့ကို အီရတ်တပ်ပြန်သိမ်း

အီရတ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

လွန်ခဲ့တဲ့ ၂နှစ်က ဒီမြို့ကို သိမ်းအပြီး ဖောက်ခွဲပြတဲ့ ဗီဒီယိုကို အိုင်အက်စ်က ပြသခဲ့

အီရတ်နိုင်ငံ မိုဆူးလ်မြို့အရှေ့တောင်ပိုင်းက နင်းမရုမြို့ကို အီရတ်တပ်ဖွဲ့တွေက သိမ်းယူလိုက်ပါတယ်။

ဒီမြို့နေရာဟာ ရှေးဟောင်း အဆီးရီးယား အင်ပါယာရဲ့ မြို့တော်ဖြစ်ပြီး ဒီမြို့ကို အစ္စလမ္မစ်နိုင်ငံအဖွဲ့ အိုင်အက်စ် က ပြီးခဲ့တဲ့ နှစ်က ဖျက်ဆီးထားခဲ့တာ ဖြစ်ပါတယ်။

ဒီမြို့တော်ဟာ ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၁၂၀ဝကျော်က ရှိခဲ့တဲ့ မြို့ဖြစ်တဲ့အတွက် ကုလသမဂ္ဂနဲ့တကွ သမိုင်းပညာရှင်တွေက အိုင်အက်စ်ကို အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

အိုင်အက်စ် အဖွဲ့ကတော့ မြို့ဟောင်းက ရုပ်တုတွေဟာ ဘာသာရေးဆိုင်ရာ အတုအယောင် ရုပ်တုတွေ ဖြစ်လို့ ဖျက်ဆီးခဲ့တာလို့ အဲဒီ့အချိန်က တုန့်ပြန်ခဲ့ပါတယ်။

ဒီရှေးဟောင်းနေရာနဲ့ မြို့ကိုသာမက အနီးနားက ရွာတရွာကိုပါ သိမ်းပိုက်လိုက်တယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။

တဆက်တည်းမှာပဲ မိုဆူးလ်မြို့က အစ္စလမ္မစ်နိုင်ငံအဖွဲ့ကို တိုက်ဖို့ ဝင်လာတဲ့ ကာ့ဒ်တပ်သားတွေဟာ အနည်းဆုံး အာရပ်ရွာ ၂၀ကို ဖျက်ဆီးနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က စွပ်စွဲလိုက်ပါတယ်။

ဒီအဖွဲ့ရဲ့ အစီအရင်ခံစာအရ ကာ့ဒ်တပ်သားတွေဟာ ကာကွတ်နဲ့ နီနဲဗားဒေသက အာရပ်အိမ်တွေကို ပစ်မှတ်ထားခဲ့ပေမယ့် ကာ့ဒ်လူမျိုးတွေရဲ့ အိမ်တွေကိုတော့ ဘေးမဲ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဂြိုဟ်တုမှတ်တမ်းတွေအရ ရွာပေါင်း ၆၂ရွာ အလားတူ ဖျက်ဆီးခံခဲ့ရပေမယ့် မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကိုတော့ မရရှိသေးပါဘူး။

ဒေသတွင်း ကာ့ဒ်အစိုးရကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။