ထရမ့်အပေါ် အစိုးရိမ် ပိုတဲ့ အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံနေ

အီးယူ အပေါ် အေးစက်တဲ့ ထရမ့်ရဲ့ သဘောထား အပေါ် စိုးရိမ်
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အောင်ပွဲခံ ခဲ့တဲ့နောက် ဥရောပနဲ့ အမေရိကန်ကြား ဆက်ဆံရေး ပျက်ပြား လာနိုင်တဲ့ အတွက် ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဘရပ်စ်ဆဲလ် မြို့တော်မှာ တွေ့ဆုံ ဆွေးနွေး နေပါတယ်။
အီးယူ နိုင်ငံရေးသမား တော်တော်များများဟာ ဒေါ်နယ်ထရမ့် တစ်ယောက် မဲဆွယ်ကာလ တုန်းက ပြောဆိုခဲ့တာတွေ အပေါ် စိုးရိမ်စိတ် ရှိနေ ကြပါတယ်။
အထူးသဖြင့် ရုရှား အပေါ် ပိုမို ပျော့ပြောင်းတဲ့ ထရမ့်ရဲ့ ရပ်တည်မှု နဲ့၊ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့နဲ့ အီးယူ အပေါ် အေးစက်တဲ့ ထရမ့်ရဲ့ သဘောထား အပေါ် စိုးရိမ် နေကြတာပါ။
တနင်္ဂနွေနေ့ စကားဝိုင်းမှာ မပါဝင်ခဲ့တဲ့ ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးတွေ မှာတော့ ထရမ့် အပေါ် စိုးရိမ်စိတ် တွေဟာ အကဲပိုရာ ကျနေတယ် ဆိုတဲ့ အမြင်မျိုး ရှိနေပါတယ်။
ဒီအချိန်မှာပဲ၊ အမေရိကန် ပြည်ထောင်စု မှာတော့ ဒေါ်နယ် ထရမ့်က သူ သမ္မတ ရာထူး နေရာကို လွှဲပြောင်း ရယူပြီးတာနဲ့ အမေရိကန် ထဲ တရားမဝင် နေထိုင် နေသူတွေ ထဲက ကနေဦး အရေအတွက် ၂ သန်း ကနေ ၃ သန်း လောက် အထိကို တိုင်းပြည်ထဲကနေ နှင်ထုတ်မယ် ဆိုပြီး ပြောလာ ပါတယ်။
လူဆိုးဂိုဏ်း အဖွဲ့ဝင်တွေနဲ့ မူးယစ်ဆေး ရောင်းသူတွေ အပါအဝင် ရာဇဝတ်မှု ကျူးလွန်ဖူးတဲ့ နောက်ခံ မှတ်တမ်း ရှိသူတွေကို အဓိက ဖယ်ရှားမှာ ဖြစ်တယ်လို့ မစ္စတာ ထရမ့်က ရုပ်သံ မေးမြန်းခန်း တစ်ခုမှာ ပြောခဲ့တာပါ။
မက္ကဆီကိုနဲ့ နယ်စပ်တလျှောက် တံတိုင်းခတ်မယ် ဆိုတဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကိုလည်း မစ္စတာ ထရမ့်က ထပ်လောင်း အတည်ပြုခဲ့ပြီး၊ တချို့ နေရာ တွေမှာတော့ ခြံစည်းရိုး သဘောမျိုး ကာတာလောက်ပဲ ဖြစ်ကောင်း ဖြစ်မယ်လို့ ဆိုပါတယ်။