၂၀၁၆ ခုနှစ် ကမ္ဘာကြီး အပူဆုံးနှစ် ဖြစ်ဖို့များ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၆ မှာ အပူချိန် မြင့်မားမှုကြောင့် မိုးခေါင် ရေရှားမှုတွေ ဖြစ်ပေါ်ခဲ့။

၂၀၁၆ ခုနှစ်ဟာ အပူနွေးဆုံးနှစ် ဖြစ်ဖို့ သေချာသလောက် ရှိတယ်လို့ ကမ္ဘာ့ မိုးလေဝသနဲ့ ဇလ ဗေဒ အဖွဲ့အစည်း WMO က ပြောပါတယ်။

အခုချိန်အထိ ရထားတဲ့ ပထမ ၉ လအတွက် အချက်အလက်တွေ အရ ၂၀၁၅ တုန်းက တင်ထားတဲ့ အပူဆုံး စံချိန်ကို အခု ၂၀၁၆ ခုနှစ်မှာ ကျော်ဖြတ်ဖို့ ၉၀ ရာခိုင်နှုန်း သေချာတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတအဖြစ် အရွေးခံရတဲ့ အချက်က ကမ္ဘာကြီး ပူနွေးလာမှုကို ဖြေရှင်းဖို့အရေးမှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ ဆိုတာကို အကဲဖြတ်ဖို့ အတွက် နိုင်ငံတကာ ရာသီဥတု ဆွေးနွေးပွဲကို မော်ရိုကို နိုင်ငံမှာ ပြုလုပ်နေရာမှာ ပညာရှင်တွေက အခုလို ကြေညာလိုက်တာပါ။

မစ္စတာ ထရမ့်က ကမ္ဘာကြီး ပူနွေးလာမှုကို အစစ်အမှန် မဟုတ်တဲ့ ထွင်လုံး ဖြစ်တယ်လို့ ရွေးကောက်ပွဲ မယ်ဆွယ် ကာလမှာ ပြောခဲ့တာပါ။

လက်ရှိ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကတော့ အမေရိကန်အနေနဲ့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပြင်သစ် သဘောတူညီချက်ကို ဆက်လက် လိုက်နာမယ်လို့ မျှော်လင့်ကြောင်း တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

အခုလို အပူချိန် မြင့်ရတဲ့ အကြောင်းတွေအနက် အယ်လ်နီးညို ဖြစ်စဉ်က အကြောင်းတစ်ခု ဖြစ်ပေမယ့် ကာဗွန် ဓာတ်ငွေ့ ထောက်လွှတ်မှုတွေကတော့ တကယ် အခရာကျတဲ့ အကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ