ပူတင်နဲ့ ထရမ့် စကား ပြောဆိုခဲ့ကြောင်း ရုရှား ထုတ်ပြန်

ထရမ့်နဲ့ ပူတင်တို့ ပြောဆိုကြတဲ့ အထဲ ဆီးရီးယား အရေးလည်း ပါဝင်
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ နိုင်ထားတဲ့ ဒေါ်နယ်ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်တို့ တယ်လီဖုန်း ကနေ တဆင့် ဆက်သွယ် စကား ပြောဆို ခဲ့ကြတယ်လို့ ရုရှား အစိုးရက ထုတ်ပြန် ပါတယ်။
မစ္စတာ ထရမ့် အနေနဲ့ ရွေးကောက်ပွဲ ကာလက ထုတ်ပြန်ထားတဲ့ သဘောထားတွေ အတိုင်း လက်တွေ့ ဖော်ဆောင် နိုင်ပါစေ ဆိုပြီး သမ္မတ ပူတင်က ပြောခဲ့သလို၊ ထရမ့် ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ အမေရိကန်-ရုရှား နှစ်နိုင်ငံကြား တန်းတူ ညီမျှ သဘောထားတဲ့ အခြေခံမူနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားဖို့ ရုရှားဘက်က အဆင်သင့် ရှိနေတယ် လို့လည်း သမ္မတ ပူတင်က ပြောခဲ့ပါတယ်။
သမ္မတ ပူတင့် အပေါ် လေးစား အတူယူကြောင်း မစ္စတာ ထရမ့်က ပြောခဲ့ပြီး သမ္မတ ပူတင်ဟာ လက်ရှိ အမေရိကန် သမ္မတ ထက် အများကြီး ပိုပြီး ခေါင်းဆောင် ပီသတယ်လို့ ချီးကျုး ပြောဆို ခဲ့ပါတယ်။
ထရမ့်နဲ့ ပူတင်တို့ ပြောဆိုကြတဲ့ အထဲ ဆီးရီးယား အရေးလည်း ပါဝင် ခဲ့ပြီး နှစ်ယောက်သား ဖုန်းနဲ့ အဆက်အသွယ် မပြတ် ထားရှိဖို့ သဘောတူ ခဲ့သလို မကြာခင် လူချင်း တွေ့ဆုံ ကြဖို့လည်း စီစဉ် ခဲ့ကြတယ်လို့ ရုရှား အစိုးရက ထုတ်ပြန်ပါတယ်။
တခါ၊ ဒေါ်နယ်ထရမ့် သမ္မတ နေရာကို လက်ခံ ရယူတဲ့အခါ အိမ်ဖြူတော် ရဲ့ အကြီးတန်း ရာထူး တစ်ခု ဖြစ်တဲ့ ဗဟာဗျူဟာ ရေးရာ ဌာနမှုး နေရာကို စီတီဖင် ဘဲန်နန် ဆိုသူကို ပေးမယ် ဆိုတဲ့ အငြင်းပွား ဖွယ်ရာ ဆုံးဖြတ်ချက် အပေါ် မစ္စတာထရမ့် ရဲ့ သမ္မတ ရုံး အဖွဲ့မှုး အသစ်စက်စက် ရိုင့်စ် ပရီးဘတ်စ်က ခုခံ ကာကွယ် ပါတယ်။
ဘရိုက်ထ်ဘတ် သတင်းဌာနရဲ့ အမှုဆောင် ဥက္ကဌ လက်ျာ နိုင်ငံရေး အယူဆ ရှိတဲ့ မစ္စတာ ဘဲန်နန် ဟာ လူဖြူ ကြီးစိုးရေး ဝါဒီတွေကို ထောက်ခံသူ တစ်ဦး ဖြစ်တယ် လို့ အတိုက်ခံတွေက ဝေဖန် ရှုတ်ချ နေကြပါတယ်။
ထရမ့်ရဲ့ သမ္မတ ရုံး အဖွဲ့မှုး မစ္စတာ ပရီးဘတ်စ်ကတော့ စီတီဖင် ဘဲန်နန် ဟာ အင်မတန်မှ ထူးချွန် ထက်မြက်သူ ဖြစ်တယ်လို့ ပြောပြီး လူတစ်ယောက် အပေါ် အဆုံးအဖြတ် မစောကြဖို့ တိုက်တွန်း နေပါတယ်။
ဒါပေမယ့် ဒီမိုကရက် ပါတီဝင် ကွန်ဂရက်စ် လွှတ်တော် အမတ် တချို့နဲ့ လူမျိုးရေး ခွဲခြားမှု ဆန့်ကျင့်တဲ့ အဖွဲ့တွေကတော့ အစွန်းရောက် အမြင်တွေ အပေါ် ထောက်ခံ အားပေးတဲ့ မစ္စတာ ဘဲန်နန်လို လူစားဟာ အိမ်ဖြူတော်နဲ့ မထိုက်တန်ဘူး ဆိုပြီး ခါးခါးသည်းသည်း ဝေဖန် နေကြပါတယ်။