အိုဘားမားက ကမ္ဘာပြု ဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ကာကွယ်

obama

ဓာတ်ပုံ ရင်းမြစ်, Milos Bicanski

ဓာတ်ပုံ ပုံစာ,

ခေတ်သစ် ဒီမိုကရေစီကို ခြိမ်းခြောက်နေမှုတွေကို အိုဘားမား သတိပေး

ဥရောပ ခရီး လှည့်လည်နေတဲ့ အမေရိကန် သမ္မတ အိုဘားမားက ဂျာမနီကို ရောက်ရောက်ချင်းမှာပဲ ဂလိုဘယ်လိုက်ဇေးရှင်း ခေါ်တဲ့ ကမ္ဘာပြု ဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ကာကွယ် ပြောကြား လိုက်ပါတယ်။

ဒါဟာ သူ သက်တမ်း မကုန်ခင် နောက်ဆုံးသွားတဲ့ ဥရောပ ခရီးလည်း ဖြစ်ပါတယ်။

ဒီ ကမ္ဘာပြု ဖြစ်စဉ်ကနေ နောက်ပြန်မလှည့်နိုင်ဘူးလို့လည်း သူနဲ့ ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲတို့ ပူးတွဲ ပြီး ဂျာမန် စီးပွားရေး မဂ္ဂဇင်း တခုမှာ ဆောင်းပါး ရေးသား ခဲ့ကြပါတယ်။

ဒီလို ပြောကြား လိုက်တာက အမေရိကန်နဲ့ ဥရောပတို့ အတ္တလန္တိတ် သမုဒ္ဒရာ ၂ ဘက်ကမ်းမှာ ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှုပ်နှံမှု တွေ ပူးပေါင်း ဆောင်ရွက်ဖို့ အဆိုပြု ထားတာတွေကို ထောက်ခံ လိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန် သမ္မတ အဖြစ် အသစ်တက်လာတော့မယ့် ဒေါ်နယ် ထရမ့်ကတော့ ဒီလို ကုန်သွယ်ရေး လွတ်လပ်ခွင့် သဘောတူညီမှုတွေကို ဆန့်ကျင်ပြီး ဗြိတိန် အီးယူက ထွက်တာကို ထောက်ခံခဲ့ပါတယ်။

အိုဘားမားဟာ ဂရိ နိုင်ငံ အေသင် မြို့တော်မှာလည်း ခေတ်သစ် ဒီမိုကရေစီကို ခြိမ်းခြောက်နေမှုတွေကို သတိပေးခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းကြီးတွေနဲ့ သူဌေးကြီးတွေက အခွန်တွေ ရှောင်တိမ်းပြီး ဥပဒေရဲ့ အားနည်းချက်တွေကို အကာအကွယ် ယူနေကြပါတယ်။ ဒီလိုနဲ့ သူတို့က ပိုချမ်းသာလာပြီး မညီမျှမှုတွေ ကြီးလာတဲ့ အခါမှာ ဒီမိုကရေစီ ထိခိုက်လာနိုင်ပါတယ်။ ကမ္ဘာလုံး စီးပွားရေး အရ ကူးလူး ရှက်သွယ်လာလို့ အကျိုးအမြတ်တွေ ပိုများလာပေမယ့်လည်း တဘက်ကလည်း မညီမျှမှုတွေ ကြီးလာနိုင်တယ်လို့ သူက သတိပေးသွားခဲ့ပါတယ်။

အရင်က လူတွေ မသိခဲ့ကြလို့ ဒီမညီမျှမှုတွေကို သည်းခံခဲ့ကြပေမယ့် ခုလို လူတိုင်း မိုဘိုင်းဖုန်း ကိုင်နိုင်တဲ့ အချိန်မှာတော့ သည်းခံကြမှာ မဟုတ်ဘူးလို့လည်း အိုဘားမား က ဆိုပါတယ်။

ဒေါ်နယ် ထရမ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ နိုင်ပြီးနောက် မကျမလည် ဖြစ်တာတွေ အေးငြိမ်းအောင် အိုဘားမားက ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

သူ ဂရိကို ရောက်နေချိန်မှာ လက်ဝဲ သမားတွေက အမေရိကန် နယ်ချဲ့စနစ်ကို ရှုတ်ချ ဆန္ဒပြကြလို့ ရဲက မျက်ရည်ယို ဗုံးနဲ့ လူ ၂ ထောင်ကျော်ကို လူစု ခွဲခဲ့ရပါတယ်။