အိုဘားမား သမ္မတ ရာထူးနဲ့ နောက်ဆုံး ခရီးစဉ် ထွက်နေ

အခိုင်အမာ မဟာမိတ် ဖြစ်တဲ့ ဝန်ကြီးချုပ် မာ့ခဲလ်နဲ့ တွေ့ဆုံ
အမေရိကန် သမ္မတ အိုဘားမားဟာ ရာထူး တာဝန်ကို ရွေးကောက်ပွဲ နိုင်ထားတဲ့ ဒေါ်နယ်ထရမ့် ထံ လွှဲပြောင်း မပေးခင် သမ္မတ အနေနဲ့ နောက်ဆုံး နှုတ်ဆက် ခရီးစဉ် အဖြစ် ဂျာမနီ နိုင်ငံကို သွားရောက် နေပါတယ်။
ဒီ ခရီးစဉ် ထဲမှာ သူနဲ့ အခိုင်အမာ မဟာမိတ် ဖြစ်တဲ့ ဝန်ကြီးချုပ် မာ့ခဲလ်နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးတဲ့နောက် ဂလိုဘယ်လိုက်ဇေးရှင်း လို့ ခေါ်တဲ့ ကမ္ဘာပြု လွှမ်းခြုံ ဖြစ်စဉ် အပေါ် အားပေး သင့်တဲ့ အကြောင်း ကာကွယ် ပြောဆို ထားတဲ့ ပူးတွဲ ကြေညာချက် တစ်စောင်ကို ခေါင်းဆောင် နှစ်ယောက် ထုတ်ပြန် ခဲ့ပါတယ်။
ကမ္ဘာ့ စီးပွားရေးဟာ ဘယ် အချိန်ကနဲ့မှ မတူ ဖွံ့ဖြိုးနှုန်း အင်မတန် မြန်ဆန် နေတာကြောင့် နိုင်ငံတွေကြား ပူးပေါင်း ဆောင်ရွက်ကြဖို့ မဖြစ်မနေ လိုအပ်တယ် ဆိုပြီး အမေရိကန်နဲ့ ဂျာမနီ ခေါင်းဆောင် နှစ်ယောက်က ပြောနေ ကြပါတယ်။
သမ္မတ အိုဘားမားဟာ ဘာလင် မြို့တော်ကနေ မထွက်ခွာခင် တခြား ဥရောပ ခေါင်းဆောင် တွေနဲ့လည်း တွေ့ဆုံ သွားဖို့ ရှိနေပါတယ်။
နိုဝင်ဘာ ၁၈ ရက် သောကြာ နေ့မှာ ၊ ယူကေ ဝန်ကြီးချုက် ထရီဇာမေ အပါအဝင် ပြင်သစ်၊ အီတလီနဲ့ စပိန် နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ သမ္မတ အိုဘားမား တွေ့ဆုံမယ်လို့ မျှော်လင့် ရပါတယ်။
ဒီ့နောက်မှာတော့ သမ္မတ အိုဘားမားဟာ ဂျာမနီ ကနေ တဆင့် ပီရူး နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။