ထရမ့် ကို ယုံကြည်ကြောင်း ဂျပန် ဝန်ကြီးချုပ်ဆို

ဂျပန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

တရားဝင် တွေ့ဆုံမှု အဖြစ် သတ်မှတ်လို့ ရမှာ မဟုတ်ဘူးလို့ ဒေါ်နယ် ထရမ့် ရဲ့ ပြောရေးဆိုခွင့် ရှိသူ က ဆို

အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် နဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး တို့ဟာ နယူးယောက် မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။ ဒါဟာ ဒေါ်နယ် ထရမ့် ရွေးကောက်ပွဲ အနိုင် ရရှိပြီးနောက်မှာ နိုင်ငံရပ်ခြား တိုင်းပြည် က ခေါင်းဆောင် တစ်ဦးက လာရောက် တွေ့ဆုံ ခဲ့မှုလည်း ဖြစ်ပါတယ်။

ဒေါ်နယ် ထရမ့် အပေါ်မှာ ယုံကြည်မှု အပြည့်ရှိတယ်လို့ တွေ့ဆုံပွဲ အပြီးမှာ ဂျပန် ဝန်ကြီးချုပ်က ပြောပါတယ်။ ပြီးတော့ တွေ့ဆုံပွဲ က လှိုက်လှဲပျူငှာပြီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြတယ်လို့ မစ္စတာ အာဘေး က ပြေပါတယ်။

ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးစဉ် ကာလ မှာ အာရှ နိုင်ငံ အချို့ အနေနဲ့ အမေရိကန် ကို ကာကွယ်ရေး စားရိတ် တိုးမြှင့် ပေးရမယ် ဆိုတဲ့ မဲဆွယ် စည်းရုံး ရေး စကား ကို မစ္စတာ ထရမ့် က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ နီဂါတာ တက္ကသိုလ် က ဂျပန် နဲ့ နိုင်ငံတကာ ဆက်ဆံရေး လေ့လာနေတဲ့ ပါမောက္ခ တာကာရှိ က တော့ ဒေါ်နယ် ထရမ့် က ပါးနပ်တဲ့ လူတစ်ယောက် ဖြစ်ပြီး လာဘ်လည်း မြင်ပါတယ်။ ဂျပန် နဲ့ ဆက်ဆံရေး က အရေးကြီး တယ်လို့ ထင်မြင် ယူဆတဲ့ အတွက် အခုလို တွေ့ဆုံ တာလို့ ပြောပါတယ်။

ဒါ့အပြင် အာရှ ပစိတ်ဖိတ် ကုန်သွယ်ရေး သဘောတူ ညီချက် ကိုလည်း ဖျက်သိမ်း မယ်လို့ ကြွေးကြော် ခဲ့တာကြောင့် အာရှ တိုက်က နိုင်ငံ အချို့မှာ ဒေါ်နယ် ထရမ့် နဲ့ ပတ်သက်လို့ စိုးရိမ် ပူပန် ခဲ့ကြပါတယ်။

ဒါပေမယ့် သမ္မတ အိုဘားမား တာဝန် ထမ်းဆောင် နေဆဲ ဖြစ်တာကြောင့် ဂျပန် ဝန်ကြီးချုပ် နဲ့ ဒေါ်နယ် ထရမ့် တို့ တွေ့ဆုံမှု က တရားဝင် တွေ့ဆုံမှု အဖြစ် သတ်မှတ်လို့ ရမှာ မဟုတ်ဘူးလို့ ဒေါ်နယ် ထရမ့် ရဲ့ ပြောရေးဆိုခွင့် ရှိသူ က ဆိုပါတယ်။