လွတ်လပ်စွာ ကုန်သွယ်ရေးဆက်လုပ်ဖို့ APEC ခေါင်းဆောင်တွေပြော

ဓာတ်ပုံ ရင်းမြစ်, AP
ဒီအစည်းအဝေးကို ရုရှားသမ္မတ ပူတင်လည်း တက်ရောက်ခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမား နောက်ဆုံးတက်ရောက်တဲ့ နိုင်ငံတကာ အစည်းအဝေးလည်း ဖြစ်
လွတ်လပ်စွာကုန်သွယ်ဖို့၊ ကိုယ်ကျိုးစီးပွားကာကွယ်မှုဝါဒ မကျင့်သုံးကြဖို့ အာရှပစိဖိတ်ဒေသဆိုင်ရာ ကုန်သွယ်မှု အစည်းအဝေးတက်ရောက်နေတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
ဒီလို တိုက်တွန်းရတာဟာ အမေရိကန်သမ္မတဖြစ်လာမယ့် ဒေါ်နယ်ထရမ့်က ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်မှုစာချုပ်မှာ မပါဝင်ဘူးလို့ ပြောဆိုထားတာနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးကို လက်ခံကျင်းပတဲ့ နိုင်ငံဖြစ်တဲ့ ပီရူးနိုင်ငံရဲ့ သမ္မတ ကူဇင်းစကီး က
'ဒီအချိန်ဟာ ကမ္ဘာ့စီးပွားရေး တန့်နေတဲ့ အချိန်ဖြစ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ နိုင်ငံတကာကုန်သွယ်ရေး အရေးကြီးတယ်ဆိုတာကို သတိထားသင့်ပါတယ်။
အာရှပစိဖိတ်ဒေသက နိုင်ငံတွေ စီပွားရေးပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းလုပ်ဖို့ကိုလည်း အလေးထားရမှာပါ။
ဒါကို ကျနော်တို့ နိုင်ငံကလည်း ထောက်ခံထားပါတယ်' လို့ ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာမယ့် အမေရိကန်နဲ့ ဥရောပသမဂ္ဂက ထွက်ဖို့ လုပ်နေတဲ့အတွက် လွတ်လပ်စွာ ကုန်သွယ်ရေး ကန့်သတ်မှုတွေ ရှိလာမယ့် ဗြိတိန်နိုင်ငံတို့ကို ရည်ညွှန်းပြီး ကိုယ်ကျိုး စီးပွား ကာကွယ်မှုဝါဒကို တိုက်ဖျက်ကြဖို့ကိုလည်း ပီရူးသမ္မတက တိုက်တွန်းထားပါတယ်။
ဒီအစည်းအဝေးကို ရုရှားသမ္မတ ပူတင်လည်း တက်ရောက်ခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမား နောက်ဆုံးတက်ရောက်တဲ့ နိုင်ငံတကာ အစည်းအဝေးလည်း ဖြစ်ပါတယ်။