အော့ဇဝစ်ထောင်မြင်ကွင်းVRနဲ့ အမှုစစ်ဖို့ကြိုးပမ်း

နာဇီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

လက်ရှိကြွင်းကျန်ရစ်တဲ့ ထောင်နေရာကို လေဆာပုံဖမ်းတာနဲ့ အဆောက်အဦးပုံစံတွေကိုသုံးပြီး ဖန်တီးမှု ခြောက်လကြာခဲ့

အသက်ရှင်ကျန်ရစ်တဲ့ နာဇီစစ်ရာဇဝတ်ကောင်တွေကို အမှုစစ်တဲ့ နေရာမှာ အော့ဇဝစ်ထောင်ကို ကွန်ပျူတာနဲ့ ဖန်တီးတဲ့ အစစ်ယောင် အတု မြင်ကွင်းကို အသုံးပြုဖို့ ဂျာမန်သိပ္ပံပညာရှင်တွေက စီစဉ်နေကြပါတယ်။

ဂျူးလူမျိုးတွေ နာဇီလက်ချက်နဲ့ သန်းနဲ့ချီပြီး အသတ်ခံခဲ့ရတဲ့ နေရာဖြစ်တဲ့ ပိုလန်နိုင်ငံ အော့ဇဝစ် အကျဉ်းထောင်ဟာ ပျက်စီးမှုတွေ ရှိနေတဲ့အတွက် ထောင်ကို ဆောက်လုပ်ထားတဲ့ ပုံစံတွေကို သုံးပြီး ကွန်ပျူတာနဲ့ ဖန်တီးတဲ့ အစစ်ယောင် အတု မြင်ကွင်းကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိကြွင်းကျန်ရစ်တဲ့ ထောင်နေရာကို လေဆာပုံဖမ်းတာနဲ့ အဆောက်အဦးပုံစံတွေကိုသုံးပြီး ဖန်တီးမှုဟာ ခြောက်လ ကြာခဲ့တယ်လို့ ဒစ်ဂျစ်တယ် ပုံဖော်ပညာရှင် ရက်လ်ဖ် ဘရက်ကာက ပြောပါတယ်။

ဒီမြင်ကွင်းကို ပုံရိပ်ယောင်ကြည့်တဲ့ မျက်မှန် သုံးပြီး ထောင်ကို ရှုထောင့် ပေါင်းစုံကနေ ကြည့်လို့ရမှာ ဖြစ်ပြီး နောက်ပိုင်းမှာ နာဇီရာဇဝတ်မှုသာမက တခြား ရာဇဝတ်မှုတွေမှာပါ ဒီနည်းပညာ သုံးနိုင်ဖို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အော့ဇဝစ်ထောင်မှာ အစောင့်လုပ်ခဲ့ဖူးသူ အသက် ၉၄နှစ် အရွယ် မစ္စတာ ရိန်းဟိုး ဟန်းနင်းကို လူပေါင်း ၂သိန်းနီးပါး သတ်ဖြတ်မှုမှာ ကြံရာပါအနေနဲ့ ပါဝင်ခဲ့တဲ့အတွက် ထောင် ငါးနှစ်ချတဲ့အမှုမှာ အော့ဇဝစ် ထောင်ကို ကွန်ပြူတာနဲ့ သုံးဖက်မြင် ပုံဖော်မှုကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။