TPP က နှုတ်ထွက်ဖို့ ဆောင်ရွက်မယ်လို့ ဒေါ်နယ် ထရမ့် ပြောကြား

ဓာတ်ပုံ ရင်းမြစ်, AFP
သမ္မတ အိုဘားမား ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ကို ဖျက်သိမ်း မယ့် ကိစ္စ တွေနဲ့ ပတ်သက်ပြီး အစိုးရသစ် က လုပ်ဆောင်မယ် ဆိုတဲ့ အချက်တွေ ထဲမှာတော့ သူက ထည့်သွင်း ပြောကြား ခဲ့ခြင်း မရှိ
သမ္မတ တာဝန် စတင် ထမ်းဆောင် တဲ့ နေ့မှာပဲ TPP လို့ ခေါ်တဲ့ ပစိဖိတ် ဖြတ်ကျော် နိုင်ငံများ ကုန်သွယ်ရေး အဖွဲ့ ရဲ့ သဘောတူ ညီချက် ကနေ အမေရိကန် နိုင်ငံ နှုတ်ထွက်ဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ဒေါ်နယ် ထရမ့် က ပြောကြား လိုက်ပါတယ်။
အစိုးရသစ် ရဲ့ ရက်၁၀၀ အတွင်းမှာ လုပ်ဆောင်မယ့် ကိစ္စတွေ နဲ့ပတ်သက်ပြီး ပြောကြားရာမှာ အမေရိကန် နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက် လာအောင် လုပ်ဆောင်သွားမယ်လို့ သူက ပြောကြား ခဲ့ပါတယ်။
ပစိဖိတ် ဖြတ်ကျော် နိုင်ငံများ ကုန်သွယ်ရေး အဖွဲ့ရဲ့ သဘောတူညီ ချက် ကို နိုင်ငံပေါင်း ၁၂ နိုင်ငံက လက်မှတ်ရေးထိုး ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့စီပွားရေး ရဲ့၄၀ ရာခိုင်နှုန်း လောက် ကို Trans-Pacific Partnership လို့ ခေါ်တဲ့ ပစိဖိတ် ဖြတ်ကျော် နိုင်ငံတွေက ဖော်ဆောင် နေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်မီးသွေး တူးဖော် ရေး လုပ်ငန်း မှာ အလုပ်အကိုင် အခွင့်အလမ်း တွေကို တားဆီး သလို ဖြစ်နေတဲ့ ကိစ္စ တွေကို လည်း ကိုင်တွယ် သွားမယ်လို့ သူက ဆိုပါတယ်။
နိုင်ငံခြားသား အလုပ်သမား တွေကို ဗီဇာ ထုတ်ပေး နေမှု ကိစ္စတွေ ကိုလည်း သူ့ အစိုးရ လက်ထက်မှာ ကိုင်တွယ် သွားမယ်လို့ ဒေါ်နယ် ထရမ့် က ပြောကြား သွား ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးတဲ့ ကာလ တလျှောက်မှာ ပြောခဲ့တဲ့ မက်ဆီကို နယ်စပ်မှာ တံတိုင်း ကာရံမယ့် ကိစ္စ၊ သမ္မတ အိုဘားမား ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ကို ဖျက်သိမ်း မယ့် ကိစ္စ တွေနဲ့ ပတ်သက်ပြီး အစိုးရသစ် က လုပ်ဆောင်မယ် ဆိုတဲ့ အချက်တွေ ထဲမှာတော့ သူက ထည့်သွင်း ပြောကြား ခဲ့ခြင်း မရှိပါဘူး။