ကုလသံနဲ့ ပညာရေးဝန် နေရာတွေမှာ အမျိုးသမီးတွေကို ထရမ့် ခန့်မယ်

ရီပတ်ဘလစ်ကင် ထရမ့် နစ်ကီ ဟေလီ
ဓာတ်ပုံ ပုံစာ,

ရီပတ်ဘလစ်ကင် ပါတီတွင်း ထွန်းတောက် လာတဲ့ ကြယ်တစ်ပွင့် အဖြစ် မစ္စစ် ဟေလီကို ယူဆ ထားကြပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲ နိုင်ထားတဲ့ ဒေါ်နယ်ထရမ့်က သူ ဦးဆောင်တဲ့ အစိုးရ လက်ထက် ထိပ်တန်း ရာထူး နေရာတွေမှာ ခန့်အပ်မယ့် အမျိုးသမီး နှစ်ဦးရဲ့ နာမည်တွေကို ကြေညာ လာပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နေရာကို တောင် ကာရိုလိုင်းနား ပြည်နယ် အုပ်ချုပ်ရေးမှုး နစ်ကီ ဟေလီကို ပေးမှာ ဖြစ်ပြီး၊ ပညာရေး ဝန်ကြီး နေရာ အတွက် ဘက်ဆီ ဒီဗော့စ် ကို ရွေးချယ် ထားပါတယ်။

ထရမ့် အပေါ် အစဉ်အဆက် ဝေဖန် ခဲ့သူ တစ်ဦးလည်းဖြစ်၊ အာရှနွယ်ဖွား အမေရိကန် အမျိုးသမီး တစ်ဦးလည်း ဖြစ်တဲ့ အုပ်ချုပ်ရေးမှုး မစ္စ ဟေလီဟာ နိုင်ငံခြား ရေးရာ ကိစ္စတွေမှာ အတွေ့အကြုံ နည်းပေမယ့် လူတွေကို ဆွဲဆောင် စည်းရုံးနိုင်သူ တစ်ဦးဖြစ်တယ်လို့ မစ္စတာ ထရမ့်က ဆိုပါတယ်။

တခါ၊ ပညာရေး ဝန်ကြီး နေရာကို ပေးမယ်လို့ ဆိုတဲ့ မစ္စ ဒီဗော့စ်ဟာ School Choice လို့ အမေရိကန် ပညာရေးမှာ ခေါ်ဝေါ်တဲ့ ကြိုက်တဲ့ အစိုးရ ကျောင်းတွေ မှာ လွတ်လွတ်လပ်လပ် တက်နိုင်ဖို့ အစီအစဉ်တွေ အပေါ် ထောက်ခံ လှုပ်ရှားသူ တစ်ဦး ဖြစ်တဲ့ အတွက် ရီပတ်ဘလစ်ကင် ရှေးရိုးစွဲတွေက သဘောကျမှာ မဟုတ်ဘူးလို့ ယူဆ ရပါတယ်။

မစ္စတာ ထရမ့်က အခုလို ရာထူး နေရာတွေ အတွက် သူ့ စိတ်ကြိုက် လူတွေကို လျာထား ပေမယ့် ဆီးနိတ် လွှတ်တော်ရဲ့ အတည်ပြုမှု ကိုတော့ ရယူဖို့ လိုပါတယ်။