ကျူးဘား သမ္မတဟောင်း ကက်စ်ထရို အသက် ၉၀ မှာ ကွယ်လွန်

Image caption အမေရိကန် ဟာ ကျူးဘား ခေါင်းဆောင် ကပ်စ်ထရို အပေါ် သူတို့ နံကြား စူး၀င် နေတဲ့ ဆူးတစ်ချောင်း သဖွယ် သဘော ထားခဲ့

ကျူးဘား တော်လှန်ရေး ခေါင်းဆောက် ဖီဒယ် ကက်စ်ထရို အသက် ၉၀ အရွယ်မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

ကျူးဘား သမ္မတ ဟောင်း ဖီဒယ် ကက်စ်ထရို ဟာ ကမ္ဘာတလွှား အထင်ကရ အဖြစ်ဆုံး ခေါင်းဆောင် တွေထဲက တစ်ဦးလည်း ဖြစ်ပြီး သမ္မတ နေရာကို အတာရှည်ဆုံး ဆုပ်ကိုင် ထားခဲ့သူ တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ဖီဒယ် ကွယ်လွန်ပြီ ဆိုတဲ့ သတင်းကို ညီဖြစ်သူ လက်ရှိ ကျူးဘား သမ္မတ ရာအူးလ် ကက်စ်ထရို က နိုင်ငံပိုင် ရုပ်မြင်သံကြား ကနေ တဆင့် ကြေညာ ခဲ့ပါတယ်။

၁၉၅၉ ခုနှစ်မှာ ကက်စ်ထရို ဟာ အဲဒီအချိန်က ကျူးဘား လက်ရှိ အစိုးရကို တော်လှန် ဖြုတ်ချပြီး တိုင်းပြည်မှာ ကွန်မြူနစ် ဝါဒ လမ်းစဉ် ကို ဖုံဖော် ခဲ့ပါတယ်။

ဖီဒယ် ကက်စ်ထရို ဟာ ပြောက်ကျား လက်နက်ကိုင် တချို့သာ ပါဝင်တဲ့ တပ်ဖွဲ့ငယ်လေးကို ချေဂွေဗားယား နဲ့အတူ ဦးဆောင်ရင်း စတင်ခဲ့တဲ့ ကျူးဘား တော်လှန်ရေးဟာ ပြည်သူတွေရဲ့ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိ ခဲ့ပြီး ၁၉၅၉ မှာတော့ စစ်အာဏာရှင် ဖာလ်ဂျင်ဆီယို ဘာတစ္စတာကို ဖြုတ်ချရင်း တိုင်းပြည် အာဏာကို ဆုပ်ကိုင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျူးဘားတော်လှန်ရေး အောင်မြင်တာဟာ မြေပြင် တိုက်ပွဲတွေမှာ ကက်စ်ထရို ရဲ့ ဗျူဟာ ကြွယ်ဝ မှုကြောင့် ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ထားကြပြီး၊ အာဏာရပြီး ၂ နှစ် အတွင်းမှာ ကျူးဘားမှာ မာ့စ်-လီနင် ဝါဒကို အခြေခံတဲ့ ကွန်မြူနစ် တော်လှန်ရေး လမ်းစဉ် အတိုင်း ချီတက်မယ် ဆိုပြီး ကြေညာ ခဲ့ပါတယ်။

အဲဒီ့ နောက်မှာတော့ ကျူးဘားဟာ ဆိုဗီယက် ယူနီယံနဲ့ကြား အင်မတန် ခိုင်မာတဲ့ မဟာမိတ် နိုင်ငံဖြစ် လာပြီး စစ်အေးခေတ် တလျှောက် အမေရိကန် ဟာ ကျူးဘား ခေါင်းဆောင် ကက်စ်ထရို အပေါ် သူတို့ နံကြား စူး၀င် နေတဲ့ ဆူးတစ်ချောင်း သဖွယ် သဘော ထားခဲ့ပါတယ်။

ကျူးဘားထဲ စစ်ရေး အရ ကျူးကျော် ဝင်ရောက်မယ်ဆိုတဲ့ အမေရိကန်ရဲ့ စဉ်ဆက် မပြတ် ခြိမ်းခြောက်မှုတွေ ကြားထဲမှာပဲ အမေရိကန် ဖလော်ရီဒါ ကမ်းရိုးတန်း ကနေ ဆိုရင် မိုင် ၉၀ အကွာမှာပဲ ရှိနေတဲ့ ကျူးဘားကျွန်း ပေါ်မှာ ကက်စ်ထရို ဟာ ကွန်မြူနစ် တော်လှန်ရေး အဓွန့်ရှည်အောင် ထိန်းသိမ်း နိုင်ခဲ့ပါတယ်။

ဖီဒယ်ကက်စ်ထရို လက်ထက် အမေရိကန် သမ္မတ ၁ဝ ဆက် ပြောင်းသွားပြီး စီအိုင်အေရဲ့ လုပ်ကြံမှု အကြိမ်ကြိမ်ကို ကျော်လွှား နိုင်ခဲ့ပါတယ်။

ကက်စ်ထရို ကွယ်လွန်တဲ့ သတင်းကို လက်တင် အမေရိက ဒေသတလွှား ခေါင်းဆောင် တွေက လျင်လျင်မြန်မြန်ပဲ တုံ့ပြန် လာခဲ့ပြီး ဝမ်းနည်း စကားတွေ ကိုယ်စီ ဆိုခဲ့ ကြပါတယ်။

ကက်စ်ထရို ဟာ မက္ကဆီကိုရဲ့ မိတ်ဆွေကောင်း တစ်ဦး ဖြစ်တယ်လို့ မက္ကဆီကို သမ္မတ အင်နရီကေး ပင်ညာ ညေးတိုးက ပြောသလို၊ အယ်လ်ဆာဗေးဒိုး သမ္မတ ဆန်းချက်ဇ် ဆီရင်ကလည်း ကက်စ်ထရို ဟာ ထာဝရ အပေါင်းအဖော် ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ တော်လှန်ရေးတိုင်း ကက်စ်ထရို ခြေရာနောက် လိုက်ကြရမယ်လို့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုက ပြောပြီး၊ ဆိုဗီယက် ခေါင်းဆောင်ဟောင်း မီခေးလ် ဂိုဘာချော့ဗ် ကလည်း အမေရိကန်ရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့ မှုတွေကို ကြံ့ကြံ့ခံရင်း ကျူးဘားကို တည်ဆောက်ခဲ့သူ အဖြစ် ကက်စ်ထရို ရဲ့ ဂုဏ်ကျေးဇူးကို ပြောခဲ့ပါတယ်။

ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရ ရဲဘော် ဖိုးသံချောင်း ကလည်း ဖီဒယ်ကက်စ်ထရို ဟာ မီးရှူးတန်ဆောင် သဖွယ်ဖြစ်ပြီး သူရဲကောင်း တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ကက်စ်ထရို ဆန့်ကျင်ရေး အမြင် ရှိကြတဲ့ ကျူးဘား ပြည်ပြေးတွေ စုဝေးရာ အမေရိကန် မိုင်အာမီ မှာတော့ ကပ်စ်ထရို ကွယ်လွန်တဲ့ သတင်း အပေါ် အောင်ပွဲခံ နေကြပါတယ်။

ကက်စ်ထရို ဟာ မတူရာကို သည်းမခံမှုရဲ့ ပြယုဂ်ဖြစ်ပြီး အင်မတန် ကြမ်းကြုတ် ရက်စက်တဲ့ အာဏာရှင် စနစ်ကို တည်ထောင် ခဲ့သူ ဖြစ်တယ်လို့ ကျူးဘား ဒီမိုကရက်တစ် လှုပ်ရှားမှု အသင်းချုပ် ဆိုတဲ့ ပြည်ပ အခြေစိုက် အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ