အလက်ပ်ပို အရှေ့ခြမ်း နယ်ထဲကနေ လူတွေ ရာနီချီ ထွက်ပြေးနေ

သူပုန်တွေ လက်ထဲက အလက်ပ်ပို အရှေ့ခြမ်း နယ် နှစ်ပိုင်း ကွဲတော့မယ်
ဆီးရီးယား နိုင်ငံမှာ သူပုန်တွေ ထိန်းချုပ် ထားရာ အလက်ပ်ပို အရှေ့ဘက်ခြမ်း နယ်မြေထဲ အစိုးရတပ်တွေဟာ ၂ဝ၁၂ နောက်ပိုင်း ပထမဆုံး အကြိမ် အနေနဲ့ ဝင်ရောက် လာနိုင် ခဲ့တဲ့ ပါတယ်။
အခုဆိုရင် အလက်ပ်ပို အရှေ့ဘက်ခြမ်း နယ်မြေ တွေကနေ ပြေးလာကြတဲ့ အရပ်သားတွေ ရာပေါင်းများစွာ ရှိနေတယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။
အရှေ့ဘက်ပိုင်း နယ်မြေ တစ်ခု ဖြစ်တဲ့ ဟာနာနို အရပ် တစ်ခု လုံး နီးပါး လက်လွှတ် ဆုံးရှုံး ခဲ့ရကြောင်း သူပုန် တွေက ဝန်ခံ ခဲ့ပါတယ်။
ဆီးရီးယား အစိုးရတပ်နဲ့ အစိုးရကို လိုလားတဲ့ လက်နက်ကိုင်တွေဟာ အလက်ပ်ပို အရှေ့ခြမ်း နယ်တွေ ပိုမို ရရှိနိုင်ဖို့ ဆက်လက် ထိုးစစ် ဆင်နေပါတယ်။
နောက်ထပ် တစ်မိုင် ကျော်ကျော်လောက် ရှေ့ဆက် သိမ်း နိုင်ပြီဆို သူပုန်တွေ လက်ထဲက အလက်ပ်ပို အရှေ့ခြမ်း နယ်ကို နှစ်ပိုင်း ကွဲသွားအောင် ကြားထဲကနေ ပိုင်းခြား ပစ်နိုင်မှာ ဖြစ်ပါတယ်။
တခါ၊ ဆီးရီးယား မြောက်ပိုင်းက ခါလီလီယာ ဆိုတဲ့ ရွာအနီးမှာ IS တွေ ပစ်ခတ်တဲ့ ဓာတုဗေဒ ဒုံး လက်နက်ကြောင့် တူရကီ က ကျောထောက် နောက်ခံ ပေးထားတဲ့ သူပုန် အဖွဲ့ဝင် ၂၂ ယောက် သေဆုံး သွားတယ် ဆိုပြီး တူရကီ စစ်တပ်က ဆိုပါတယ်။
ဒဏ်ရာ ရသွားတဲ့ လူတွေကို ဓာတု ကာကွယ်ရေး ဝတ်စုံတွေ ဝတ်ဆင် ထားတဲ့ အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက တူရကီ ဘက်ခြမ်းက ဆေးရုံကို သယ်လာ ပေးနေတယ် လို့လည်း ဆိုပါတယ်။
တူရကီ-ဆီးရီးယား နယ်စပ် ဒေသတွေမှာ တူရကီက ထောက်ပံ့ ပေး နေတဲ့ သူပုန်တွေဟာ IS တွေကို ဖိတိုက်ရင်း ရှေ့ကို တက်လာ နိုင်ခဲ့ကြ ပေမယ့်၊ အခု အခါမှာတော့ IS တွေရဲ့ ပြင်းပြင်းထန်ထန် ခုခံ နေမှု တွေနဲ့ ရင်ဆိုင် နေကြ ရပါတယ်။