အိန္ဒိယ ငွေစက္ကူကိစ္စ မြို့ကြီးတချို့မှာ ဆန္ဒပြ

ငွေစက္ကူ ရုပ်သိမ်းတဲ့ ကိစ္စအတွက် မြို့တော် ဒေလီက ဆန္ဒပြသူတွေ။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ငွေစက္ကူ ရုပ်သိမ်းတဲ့ ကိစ္စအတွက် မြို့တော် ဒေလီက ဆန္ဒပြသူတွေ။

အိန္ဒိယ နိုင်ငံမှာ တန်ဖိုးကြီး ရူပီး ငွေစက္ကူတွေကို ရုပ်သိမ်းခဲ့တဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်ကို မြို့ကြီး တချို့မှာ ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အခုလ အစောပိုင်းက ရူပီး ငါးရာတန်နဲ့ တစ်ထောင်တန် ငွေစက္ကူတွေကို အစိုးရက တရားမဝင် ကြေညာခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ငွေစက္ကူအသစ်နဲ့ လဲလှယ်ထုတ်ယူမယ့် လူတွေ ဘဏ်တွေရှေ့မှာ တန်းစီနေခဲ့ကြပြီး ရုတ်ရုတ်သဲသဲတွေလည်း ဖြစ်ခဲ့ရပါတယ်။

ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကတော့ အဲဒီလို ငွေစက္ကူတွေ ရုပ်သိမ်းရတာဟာ အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်ဖို့ ဖြစ်တယ်လို့ ခုခံ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အတိုက်အခံ နိုင်ငံရေး ပါတီတွေကတော့ ဒါဟာ စီမံခန့်ခွဲမှု အမှားအယွင်း တစ်ခု ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီကိစ္စအတွက် တောင်းပန်ဖို့လည်း ဝန်ကြီးချုပ် မိုဒီကို ပြီးခဲ့တဲ့ သီတင်းပတ်က တောင်းဆို ခဲ့ကြပါတယ်။

ငွေစက္ကူ ရုပ်သိမ်းမှုကို ထောက်ခံသူတွေလည်း ရှိနေတဲ့အတွက် အခု ကန့်ကွက်ဆန္ဒပြမှုတွေက အိန္ဒိယ ပြည်သူတွေအကြား ဘယ်လောက်အထိ အရှိန်ရလာမလဲ ဆိုတာ မသိနိုင်ဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။