စီးပွားရေး ကိစ္စတွေမှာ ဝင်မပါတော့ဘူးလို့ ဒေါ်နယ်ထရမ့် ကြေညာ

ဓာတ်ပုံ ရင်းမြစ်, AP
သူ့ရဲ့ စီးပွားရေး ကိစ္စတွေမှာ လုံးဝ ဝင်မပါတော့ဘူးလို့ ထရမ့်က ပြော။
အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်က သမ္မတ တာဝန်တွေကိုသာ အဓိက အာရုံစိုက် ဆောင်ရွက်နိုင်ဖို့အတွက် သူ့ရဲ့ စီးပွားရေး လုပ်ငန်း ကိစ္စတွေမှာ လုံးဝ ဝင်မပါတော့ဘူးလို့ ကြေညာလိုက်ပါတယ်။
သူ့ရဲ့ အစီအစဉ် အသေးစိတ်ကိုတော့ ဒီဇင်ဘာ လလယ်ပိုင်းလောက်မှာ သူ့သားသမီးတွေနဲ့ အတူ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ထုတ်ပြောမယ်လို့ မစ္စတာ ထရမ့်က ပြောပါတယ်။
မစ္စတာ ထရမ့်ရဲ့အကြီးဆုံး သားသမီး ၃ ယောက်က သူပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေမှာ ထိပ်တန်းရာထူးတွေ ရယူထားသူတွေ ဖြစ်ပြီး သူ့ရဲ့ သားမက် ဖြစ်သူ Jared Kushner ကတော့ သမ္မတ ရာထူးတာဝန် လွှဲပြောင်းလက်ခံစဉ် ကာလအတွင်း သူ့ရဲ့ ထိပ်တန်း နိုင်ငံရေး အကြံပေး တစ်ဦး ဖြစ်ပါတယ်။
အစောပိုင်းကတော့ မစ္စတာ ထရမ့်က သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ သမ္မတ ရာထူး တာဝန် အကြား အကျိုးစီးပွားချင်း ပဋိပက္ခ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ပြောခဲ့ဖူးပါတယ်။
တချိန်တည်းမှာပဲ မစ္စတာ ထရမ့်က သူဦးဆောင်မယ့် အစိုးရအဖွဲ့သစ်မှာ ဘဏ္ဍာရေး ဝန်ကြီးနေရာကို မစ္စတာ Steven Mnuchin ကို ကမ်းလှမ်းလိုက်ပါတယ်။ သူဟာ အမေရိကန် ဘဏ္ဍာရေး ကုမ္ပဏီ Goldman Sachs ရဲ့ အစုစပ် လုပ်ငန်းရှင်ဟောင်း တစ်ဦး ဖြစ်ပြီး မစ္စတာ ထရမ့် မဲဆွယ်ကာလအတွင်း ဘဏ္ဍာရေးကိစ္စတွေကို ဦးစီးခဲ့သူလည်း ဖြစ်ပါတယ်။