ချာပီကိုအင်စီ အသင်းသားတွေအတွက် ဆုတောင်းပွဲ ပြုလုပ်

ဆုတောင်းနေတဲ့ ပရိသတ်တွေ။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ,

အသင်းသားတွေ အတွက် ဆုတောင်းကြတဲ့ ပရိသတ်တွေ။

လေယာဉ် ပျက်ကျရာမှာ ပါသွားခဲ့တဲ့ ချာပီကိုအင်စီ ဘောလုံးအသင်း အဖွဲ့သားတွေကို ရည်စူးပြီး ဘရာဇီးနိုင်ငံ ချာပီကိုမြို့မှာ လူတစ်သောင်း နီးပါးက ငြိမ်သက် ဆုတောင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

ချာပီကိုအင်စီ ဘောလုံးအသင်း ပရိသတ်တွေဟာ အောက်မေ့ ဆုတောင်းပွဲ ကျင်းပရာ အားကစားကွင်း ဆီကို မြို့လယ်ကနေ လမ်းလျှောက် ချီတက်ခဲ့ကြပါတယ်။ မြို့က ခရစ်ယာန် ဘုရားကျောင်းမှာလည်း အထိမ်းအမှတ် ပွဲတစ်ခု ကျင်းပခဲ့ပါတယ်။

ချာပီကိုအင်စီ ဘောလုံးအသင်းဟာ သူတို့ရဲ့ သမိုင်းမှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ကိုပါ အမေရိက ဖလား ဖိုင်နယ်ပွဲကို ယှဉ်ပြိုင်ကစားဖို့ ကိုလံဘီယာ နိုင်ငံကို ပျံသန်းစဉ် မက်ဒယ်ဂျင်းမြို့ကို မဆင်းမီ ပျက်ကျခဲ့တာပါ။

လေယာဉ်ပေါ် ပါသွားသူ ၇၇ ဦးအနက် ဘောလုံးသမား ၃ ဦး အပါအဝင် ၆ ဦးသာ အသက်ရှင် ကျန်ရစ်ပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းကို မသိရသေးပေမယ့် လျှပ်စစ်ပိုင်း ချို့ယွင်းချက်ကြောင့်လို့ သတင်းတွေက ပြောနေကြသလို တချို့ကလည်း လောင်စာဆီ ပြတ်တောက်သွားလို့ ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ နှစ်ခုစလုံးကိုတော့ ရှာတွေ့ထားပြီး ဖြစ်ပါတယ်။