ရေနံ ထုတ်လုပ်မှု ထိန်းချုပ်ဖို့ အိုပက်ဆုံးဖြတ်

opec

ဓာတ်ပုံ ရင်းမြစ်, HERBERT NEUBAUER

ဓာတ်ပုံ ပုံစာ,

ရေနံ စျေးကွက် ပြန်လည် တည်ငြိမ်အောင် ဆောင်ရွက်နိုင်

အိုပက် ရေနံ တင်ပို့ ရောင်းချတဲ့ နိုင်ငံများ အဖွဲ့ က ၈ နှစ်အတွင်း ပထမဆုံး အကြိမ် ရေနံ ထုတ်လုပ်မှု ကို ထိန်းချုပ်ဖို့ ဆုံးဖြတ် လိုက်ပါပြီ။

ဇန်နဝါရီလက စပြီး တရက်ကို ရေနံစည် ၁ ဒသမ ၂ သန်းထိ လျှော့ချ ထုတ်လုပ်ဖို့ ဗီယင်နာမှာ ကျင်းပတဲ့အိုပက် အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာပါ။

ဒီအချိန်မှာပဲ ရေနံစျေးတွေလည်း ၁ဝ ရာခိုင်နှုန်းထိ ထိုးတက်သွားပါတယ်။

ဒါဟာ ရေနံ အလျှံပယ် ထုတ်လုပ်မှုကြောင့် ၂ဝ၁၄ တည်းက ထက်ဝက်ကျော် ကျဆင်းခဲ့တဲ့ ရေနံစျေးကွက် ပြန်လည် ခေါင်းထောင်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး ပြန်လည် ကောင်းလာစေဖို့ အိုပက် အဖွဲ့ဝင်တွေရော မဟုတ်သူတွေမှာရော တာဝန်ရှိတယ်လို့ ခံယူတဲ့ အတွက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ လို့ အိုပက် ဥက္ကဋ္ဌ မိုဟာမက် အယ်လ်ဆဒါး က ဆိုပါတယ်။

ရေနံ စျေးကွက် ပြန်လည် တည်ငြိမ်အောင် ဆောင်ရွက်နိုင်ခဲ့လို့ အပြည့်အဝ ချီးကျူးကြောင်း မစ္စတာ အယ်လ်ဆဒါးက ပြောကြား သွားပါတယ် ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက ရေနံ ထုတ်လုပ်မှုကို တရက် စည် ၇ သိန်းထိ လျှော့ချဖို့ ရေနံ ဝန်ကြီးတွေက သဘောတူညီခဲ့ကြပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဒါပေမဲ့ အီရန်ကို တိုးထုတ်ခွင့် ပြုဖို့ကို သဘောတူခဲ့ကြတဲ့အတွက် ကမ္ဘာ့ ရေနံ အများဆုံး ထုတ်တဲ့ ဆော်ဒီနဲ့ အီရန်အကြား ညှိနှိုင်းလို့ မရ ဖြစ်ခဲ့ပါတယ်။

အီရန်အတွက်ကလည်း နှစ်ပေါင်းများစွာ ပိတ်ဆို့ခံခဲ့ရတာက ပြန်နာလံထဖို့ ရေနံကို ပိုထုတ်ချင်ပါတယ်။

ဒါပေမဲ့ မနေ့က အစည်းအဝေးမှာတော့ ဆော်ဒီက တရက်ကို ရေနံ စည် ၅ သိန်း လျှော့ထုတ်ဖို့ သဘောတူလိုက်ပါတယ်။

တဘက်မှာလည်း အိုပက် ဝင်မဟုတ်တဲ့ နိုင်ငံတွေ သဘောတူညီချက် မရဘဲ ဒါကို ဖော်ဆောင်လို့ မရဘူးလို့လည်း ဝေဖန် နေကြပါတယ်။

အီရန်နဲ့ အီရတ်လို နိုင်ငံတွေ သဘောတူလာအောင် လုပ်နိုင်တာက လေးစားစရာ ဖြစ်ပေမယ့် ရုရှက သူ့ထုတ်လုပ်မှုကို ကန့်သတ်မှာလား ဆိုတာ စဉ်းစားစရာ ရှိတယ်လို့ လန်ဒန်က Alfa Energy Group က John Chairman က ဆိုပါတယ်။

ခဏတမ်း အနေနဲ့ ရေနံစျေးကို ဆွဲတင်လို့ ရနိုင်ပေမယ့် အမေရိကန်လို နိုင်ငံတွေရဲ့ ထုတ်လုပ်မှုကို ဘယ်လို ထိန်းမလဲ ဆိုတာက သဘောမတူစရာတွေ ဖြစ်လာလိမ့်မယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

အိုပက်ဝင် မဟုတ်တဲ့ နိုင်ငံတွေနဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ အိုပက် အဖွဲ့တို့ တွေ့ဆုံကြဖို့ ရှိပြီး ဒီသဘောတူညီမှု အောင်မြင်သလား ပြန်လည် သုံးသပ်ဖို့ကတော့ နောက်နှစ် မေလထဲမှလို့ သိရပါတယ် ။