ထိုင်း ဘုရင်သစ် ဝချီရာ လောင်ကွန်း နန်းတက်ပြီ

မဟာ ဝချီရာ လောင်ကွန်း ထိုင်း
ဓာတ်ပုံ ပုံစာ,

ဒဿမမြောက် ရာမ ဘုရင် ဘွဲ့အမည်နဲ့ နန်းတက် လာ

ထိုင်း အိမ်ရှေ့စံ မဟာ ဝချီရာ လောင်ကွန်း ဟာ သက်တော် ၆၄ နှစ် အရွယ်မှာ ထိုင်း နိုင်ငံရဲ့ ထီးနန်း အရိုက်အရာကို တရားဝင် ဆက်ခံ လိုက်ပြီ ဖြစ်ပါတယ်။

လုပ်ထုံးလုပ်နည်း ဖြစ်တဲ့ ထိုင်းပါလီမန် ဘက်က အိမ်ရှေ့စံကို ထိုင်း ဘုရင် အဖြစ် ခံယူ နန်းသိမ်းဖို့ တောင်းဆိုမှုကို လက်ခံပြီး ဒဿမမြောက် ရာမ ဘုရင် ဘွဲ့အမည်နဲ့ နန်းတက် လာတာ ဖြစ်ပါတယ်။

ခမည်းတော် ဘုရင်ကြီး ဘူမိဘော အောက်တိုဘာ ၁၃ ရက် နေ့မှာ နတ်ရွာစံ ခဲ့ပြီးတဲ့ နောက် အခုလို အိမ်ရှေ့စံ မဟာ ဝချီရာ လောင်ကွန်း ထိုင်း ဘုရင်သစ် ဖြစ်လာတာပါ။

ကမ္ဘာ့ နန်းသက် အရှည်ဆုံး ဖြစ်ခဲ့တဲ့ ဘုရင်ကြီး ဘူမိဘော ကိုတော့ ကျန်ခဲ့တဲ့ အနှစ် ၇ဝ အတွင်း ထိုင်း နိုင်ငံရဲ့ ရှုပ်ထွေး ပြင်းထန် လှတဲ့ နိုင်ငံရေး ကို တည်ငြိမ်အောင် ထိန်းသိမ်း ခဲ့သူ အဖြစ် ရှုမြင် ခဲ့ကြပါတယ်။

ဘုရင်ကြီး ဘူမိဘော နတ်ရွာစံ ပြီး နောက် တစ်ရက်မှာပဲ အိမ်ရှေ့စံ နန်းသိမ်း လ်မ့်မယ်လို့ ထင်ခဲ့ကြ ပေမယ့် ခမည်းတော် အတွက် ပူဆွေး ဝမ်းနည်းနေရတဲ့ အတွက် အချိန် အနည်းငယ် ပေးပါလို့ မဟာ ဝချီရာ လောင်ကွန်း က တောင်းဆို ခဲ့တယ် ဆိုပြီး ထိုင်းဝန်ကြီးချုပ် ပါရာယွတ် ချန်အိုချာက တိုင်းပြည်ကို အသိပေး ခဲ့ပါတယ်။

အခု အခါမှာတော့၊ ဘုရင်ကြီး ဘူမိဘော နတ်ရွာစံပြီး ရက် ၅၀ အကြာ အိမ်ရှေ့စံဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တွေ ပါဝင်တဲ့ ဘာသာရေး အခမ်းအနား ပြုလုပ်ပြီး နန်း အရိုက်အရာ ဆက်ခံ ခဲ့ပါတယ်။

ဒါ့ကြောင့် ချက်ကရီ လို့ မည်တွင်တဲ့ လက်ရှိ ထိုင်း မင်းဆက် ရဲ့ ၁ဝ ပါးမြောက် ဘုရင် ၊ ဒဿမမြောက် ရာမ ဘုရင် ဆိုတဲ့ ဘွဲ့နဲ့အတူ ဘုရင် ဝချီရ လောင်ကွန်း ဖြစ်လာ ပါတယ်။