တိုက်တန်းနစ်သင်္ဘောပုံစံတူ တရုတ်ပြန်ဆောက်

ကမ္ဘာမှာ ပထမဆုံး ပြန်ဆောက်တဲ့ တိုက်တန်းနစ် သင်္ဘော ပုံစံတူ
နှစ်ပေါင်း တရာကျော်က အတ္တလန္တိတ် သမုဒ္ဒရာထဲ နစ်မြုပ်သွားခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောကြီး ပုံစံတူကို တရုတ်နိုင်ငံက ပြန်လည်ဆောက်လုပ်ထားပါတယ်။
ပေ ၈ဝဝ ရှည်တဲ့ ဒီသင်္ဘောသစ်ကြီးကို တရုတ်ပြည် ဇီချွမ်နယ်က ကျေးလက် အပန်းဖြေစခန်းတခုမှာ ဒီဇင်ဘာလ တရက်နေ့ က စပြီး အမြဲတမ်း ထားရှိမှာပါ။
ဘဲလ်ဖတ်စ်မြို့မှာ မူလတည်ဆောက်ခဲ့တဲ့ သင်္ဘောကြီးကတော့ ၁၉၁၂ ခုနှစ်က ပင်လယ်ထဲမှာ ရေခဲတုံးကြီးနဲ့ တိုက်ပြီး နစ်မြုပ်သွားလို့ လူ ၁၅ဝဝ ကျော် သေဆုံးခဲ့ပါတယ်။
အင်္ဂလန် ဆောက်သမ်ပတန် ကနေပြီး အမေရိကန် နယူးယော့ကို သွားတဲ့ ပထမဆုံး ခရီးမှာ နစ်မြုပ်ခဲ့ရတာပါ။
ဒီသင်္ဘောကြီးရဲ့ ဇာတ်လမ်းက တရုတ်ပြည်မှာ လူအများကြီး စိတ်ဝင်စားကြတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်ပြည် ဇီချွမ်နယ်က ကျေးလက် အပန်းဖြေစခန်းတခုမှာ အမြဲတမ်း ထားရှိ
၁၉၉၇ ခုနှစ်က ကိတ်ဝင်းစလက်နဲ့ လီယိုနာဒို ဒီကက်ပရီယို တို့ သရုပ်ဆောင်တဲ့ ရုပ်ရှင်ကား ပေါ်ထွက်လာပြီး တရုတ်ပြည်မှာ ဒီသင်္ဘောကြီး အကြောင်း အထူး လူကြိုက်များ လာပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါ်လာ သန်း ၁၅ဝ လောက်သုံးပြီး ဒီသင်္ဘောသစ်ကြီးကို ၂ဝ၁၄ မှာ တည်ဆောက်
တိုက်တန်းနစ် ကားကို ရိုက်တဲ့ ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်ကလည်း မူလ သင်္ဘောရဲ့ ၉ဝ ရာခိုင်နှုန်းနီးပါးရှိတဲ့ ပုံစံတူ သင်္ဘောကို ရုပ်ရှင်ရိုက်ဖို့ ပြန်ဆောက်ခဲ့ပါတယ်။
ဒါပေမဲ့ မူလနဲ့ တရွယ်တည်း ဖြစ်တဲ့ သင်္ဘောကိုတော့ မဆောက်ခဲ့ဖူးပါဘူး။
သြစတြေးလျက ကုဋေကြွယ် သူဌေး ကလိုက်ဗ် ပါးလ်မားကလည်း တိုက်တန်းနစ်ကို ပြန်ဆောက်ဖို့ ၂ဝ၁၂ က ကြေညာဖူးပါတယ်။ ဒါပေမဲ့ အပြီးမသတ်နိုင်ခဲ့ပါဘူး။
တရုတ်ပြည်က ပြန်ဆောက်တဲ့ သင်္ဘောကြီးမှာတော့ မူလ သင်္ဘောရဲ့ ခမ်းနားမှုကို ထင်ဟပ်ပြီး ကပွဲခန်းမကြီး တခု၊ ပြဇာတ်ရုံ၊ ရေကူးကန်နဲ့ ပထမတန်းစား သင်္ဘောခန်းတွေ ပါပါတယ်။
နောက်ပြီး ဝိုင်ဖိုင်နဲ့ အင်တာနက်ပါ ပါတာမို့ ကမ်းရိုးတန်းက မိုင်ပေါင်း ရာချီ ဝေးတဲ့ အပန်းဖြေ စခန်းကို လူတွေ ပိုလာအောင် ဆွဲဆောင် နိုင်ပါလိမ့်မယ်။
ဆောက်သမ်ပတန် က နယူးယော့ သွားတဲ့ ခရီးမှာ နစ်မြုပ်တဲ့ မူလသင်္ဘောကြီး
ဒေါ်လာ သန်း ၁၅ဝ လောက် အကုန်ခံပြီး ဒီသင်္ဘောသစ်ကြီးကို ဆောက်ဖို့ ကုမ္ပဏီက ၂ဝ၁၄ ကတည်းက ကြေညာထားပါတယ်။
တရုတ်နိုင်ငံထဲမှာ ပြည်တွင်း ခရီးသွား လုပ်ငန်းက တအား တိုးတက်လာနေပြီး အစိုးရကလည်း ဝန်ဆောင်မှု စီးပွားရေးကြီး အဖြစ် အားပေးနေပါတယ်။