ထိုင်ဝမ် သမ္မတနဲ့ စကား တိုက်ရိုက် ပြောခဲ့တဲ့ ထရမ့် လုပ်ရပ်ကို တရုတ် ကန့်ကွက်

မစ္စ ထိုင်ဘက်က ထရမ့်ဆီ ဖုန်းဆက် ခဲ့
အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတသစ် ဖြစ်လာတော့မယ့် ဒေါ်နယ်ထရမ့်က ထိုင်ဝမ် ရဲ့ အမျိုးသမီး သမ္မတ ထိုင် အင်း-ဝင်း နဲ့ တယ်လီဖုန်း ကနေ တိုက်ရိုက် စကား ပြောဆို ခဲ့တဲ့ အပြုအမူကို တရုတ် ပြည်မ ကြီး အစိုးရက တရားဝင် ကန့်ကွက် လာပါတယ်။
ထရမ့် အနေနဲ့ သမ္မတ ရာထူး နေရာကို တရားဝင် လွှဲပြောင်း မရယူ ရသေးခင် မှာကို အခုလို နိုင်ငံတကာ ဆက်ဆံ ရေး စတင်ပြီး အဖုအထစ် ရှိလာတာ ဖြစ်ပါတယ်။
ထိုင်ဝမ် သမ္မတ မစ္စ ထိုင် က သူ့ဆီ ဖုန်းဆက်ပြီး ရွေးကောက်ပွဲ အောင်မြင်မှု အတွက် ချီးကျူး ဂုဏ်ပြု စကား ပြောခဲ့တယ် လို့ မစ္စတာ ထရမ့်က သောကြာ နေ့ကပဲ သူ့ရဲ လူမှု ကွန်ရက် တွစ်တာ စာမျက်နှာပေါ် မှာ ရေးသား ခဲ့ပါတယ်။
ဖုန်းပေါ် အပြန်အလှန် ပြောကြတာတွေထဲ အမေရိကန်နဲ့ ထိုင်ဝမ်ကြား စီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးရာ အပြန်အလှန် ဆက်ဆံမှုတွေ နီးနီးကပ်ကပ် ထားရှိ ထားတဲ့ အချက် အပေါ် ခေါင်းဆောင် နှစ်ယောက် အသိအမှတ် ပြုခဲ့ကြတယ် လို့လည်း မစ္စတာ ထရမ့် ရဲ့ ရုံး အဖွဲ့က ထုတ်ပြန် ပါတယ်။
တရုတ် ပြည်မကြီး အစိုးရက ထိုင်ဝမ်ကို သီးခြား လွတ်လပ်တဲ့ နိုင်ငံ အဖြစ် အသိအမှတ် မပြုပဲ၊ သူတို့ ပိုင်နက် အဖြစ်သာ သဘောထားတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အခုလို အမေရိကန် သမ္မတ သစ် ဖြစ်လာမယ့် သူက ထိုင်ဝမ် ခေါင်းဆောင်နဲ့ ကြား တိုက်ရိုက် ဆက် သွယ် ခဲ့ ကြောင်း လူသိရှင်ကြား တရားဝင် သဘောမျိုး ပြောလာတာဟာ မထီမဲ့မြင် ပြုလုပ် တဲ့ သဘောမျိုး တရုတ် အစိုးရ အနေနဲ့ ယူဆ နေပါတယ်။
ထရမ့်ရဲ့ အပြုအမူ အတွက် တရုတ်က အမေရိကန် ကို ကန့်ကွက်ကြောင်း တရားဝင် အတိပေး အကြောင်းကြား လိုက်ပြီလို့ တရုတ် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ထိုင်ဝမ်ဘက်က အတတ်ဆန်းပြီး ပြုလုပ် လာတာဟာ တရားဝင် တရုတ်နိုင်ငံ တစ်နိုင်ငံပဲ ရှိတယ် ဆိုတဲ့ နိုင်ငံတကာ အသိအမှတ်ပြု One China policy ရဲ့ ခိုင်မာမှုကို ဘာမှ ပြောင်းသွား စေနိုင်မှာ မဟုတ်ဘူး ဆိုပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က ဘေဂျင်း မြို့တော်မှာ သတင်းထောက် တွေကို ပြောခဲ့ပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီး ပြောတဲ့ ထိုင်ဝမ်ရဲ့ အတတ်ဆန်းမှု ဆိုတာ ၊ မစ္စ ထိုင်ဘက်က ထရမ့်ဆီ ဖုန်းဆက် ခဲ့တာကို ရည်ညွှန်း တာပါ။
မစ္စထိုင်ဟာ ထိုင်ဝမ်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်ပြီး၊ အခုနှစ် ၂ဝ၁၆ နှစ်ဆန်း ပိုင်းက ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲ မှာ တိုးတက်သော ဒီမိုကရက်တစ်ပါတီ ကို ဦးဆောင်ပြီး အပြတ်အသတ် နိုင်ခဲ့သူ ဖြစ်ပါတယ်။
အမေရိကန် ရဲ့ တရားဝင် နိုင်ငံ ခြားရေးမူ ကို ကြည့်ရင် တော့ ထိုင်ဝမ် နဲ့ကြား တရားဝင် အဆက်အဆံ တွေကို ၁၉၇၉ ခုနှစ် ကတည်းက ဖြတ်တောက် ခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ထရမ့်က သူနဲ့ ထိုင်ဝမ် သမ္မတ နဲ့ကြား တိုက်ရိုက် ဖုန်းပြောခဲ့တယ် လို့ ထုတ်ပြော လာတာဟာ အမေရိကန်ရဲ့ အနှစ် ၄ဝ နီးပါး ထားရှိတဲ့ "တရုတ် တစ်နိုင်ငံတည်း" နိုင်ငံခြားရေးမူကို ချိုးဖောက် ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အိုဘားမား အစိုးရ က တော့ ထရမ့်နဲ့ မစ္စ ထိုင်ကြား ဖုန်းပြော ခဲ့တဲ့ အကြောင်းကို အိမ်ဖြူတော် အနေနဲ့ ကြိုတင် သိရှိ ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုပြီး၊ ဒီ ဖုန်း စကား ပြောဆိုမှုဟာ
အမေရိကန် ရဲ့ မူဝါဒ အပြောင်းအလဲ ရှိလာမယ် လို့ အချက်ပြတဲ့ သဘောမျိုး မဟုတ်ဘူး ဆိုပြီး တော့လည်း ပြောနေပါတယ်။