သြစတြီးယားမှာ သမ္မတလောင်း ရွေးကောက်ပွဲပြန်လုပ်

အီးယူ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ညာဘက်က မစ္စတာ ဘဲလန်က လွတ်လပ်တဲ့ ဥရောပကို လိုလားပေမယ့် နိုင်ငံနယ်နမိတ်တော့ ရှိဖို့လိုတယ်လို့ ပြောပေမယ့် ဘယ်ဘက်က မစ္စတာ ဟိုဖာကတော့ နိုင်ငံခြားသား ဝင်ရောက်မှုကို ကန့်သတ်မယ်လို့ အတိအလင်းပြောထား

သြစတြီးယားနိုင်ငံက မဲရေတွက်မှု မူ မမှန်မှုတွေကြောင့် ပြန်လည်ကျင်းပရတဲ့ သမ္မတလောင်း ရွေးကောက်ပွဲတွေမှာ လူထု နောက်ထပ်မဲပေးမှုတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ မေလ ရွေးကောက်ပွဲမှာ လက်ယာစွန်း လွတ်လပ်ရေးပါတီက သမ္မတလောင်း နောဘတ် ဟိုဖာက တသီးပုဂ္ဂလ သမ္မတလောင်းမစ္စတာ ဗန်ဒါ ဘဲလန်ကို ကပ်ရှုံးထားခဲ့ပေမယ့် အခုလို ပြန်လည် ကျင်းပရတာ ဖြစ်ပါတယ်။

မစ္စတာ ဟိုဖာသာ အနိုင်ရခဲ့မယ်ဆိုရင် ဥရောပသမဂ္ဂအတွင်းမှာ သြစတြီးယားဟာ လက်ယာ အစွန်းရောက်ကို ခေါင်းဆောင် တင်မြှောက်တဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

သူက နိုင်ငံခြားသား ဝင်ရောက်မှုကို ကန့်သတ်ပြီး ဥရောပသမဂ္ဂရဲ့ အာဏာလွှမ်းမိုးမှုတွေကို တွန်းလှန်မယ်လို့ ပြောဆိုထားသူ ဖြစ်ပါတယ်။

သူဟာ ရုရှားနဲ့ ပူးပေါင်း ဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်လို့လည်း ပြောဆိုထားသူဖြစ်ပါတယ်။

မစ္စတာ ဘဲလန်ကတော့ သူဟာ လွတ်လပ်တဲ့ ဥရောပကို လိုလားပေမယ့် နိုင်ငံနယ်နမိတ်တွေ ဆက်ထားဖို့လိုတယ်လို့ပဲ ပြောဆိုထားသူ ဖြစ်ပါတယ်။