လူထု ဆန္ဒခံယူပွဲမှာ ရှုံးလို့ အီတလီ ဝန်ကြီးချုပ် နှုတ်ထွက်

အီတလီ
ဓာတ်ပုံ ပုံစာ,

မပြင်ရေး ဘက်က နိုင်ရင် ရာထူးက နှုတ်ထွက်မယ် ဆိုပြီး ဝန်ကြီးချုပ် ရန်ဇီ ကြေညာထား

အီတလီ နိုင်ငံမှာ အခြေခံ ဥပဒေ ပြင်ဆင်မလား ဆိုတာကို ပြည်လုံးကျွတ် လူထု ဆန္ဒ ခံယူပွဲ ကျင်းပ ခဲ့တာမှာ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လိုလား နေတဲ့ ဝန်ကြီးချုပ် မက်ထေးအို ရန်ဇီ ရှုံးနိမ့် ခဲ့ပြီ ဖြစ်လို့ သူ့ ကတိစကား အတိုင်း ရာထူးကနေ နှုတ်ထွက် သွားပြီ ဖြစ်ပါတယ်။

အီတလီ အောက်လွှတ်တော်က အတည်ပြုပြီး ဥပဒေတွေကို အထက် ဆီးနိတ် လွှတ်တော်က တားဆီး နိုင်တဲ့ အာဏာကို လျှော့ချ ဖို့ ရည်ရွယ်ချက်နဲ့ ဝန်ကြီးချုပ် ရန်ဇီက အခြေခံ ဥပဒေကို ပြင်ဆင် လိုတာ ဖြစ်ပါတယ်။

အီတလီ ပြည်သူပိုင် ရုပ်သံ RAI ရဲ့ စစ်တမ်း တွေ အရ၊ မပြင်ရေး ဘက် မဲထည့် ခဲ့တဲ့ အရေတွက်ဟာ ၅ဝ % ကျော် ပြတ်ပြတ်သားသား ရှိခဲ့တယ် လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ရန်ဇီဟာ နှုတ်ထွက်ကြောင်း အစိုးရ ကက်ဘိနက် အဖွဲ့ကို တရားဝင် အသိပေး ပြီးရင် သမ္မတထံ နှုတ်ထွက်စာ တင်မှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် တာဝန်ကို ရယူ ခဲ့တာ နှစ်နှစ်ခွဲ အကြာမှာ မစ္စတာ ရန်ဇီဟာ အခုလို နှုတ်ထွက်တာ ဖြစ်ပါတယ်။