ဒေါ်နယ်ထရမ့်ကို တိုင်းမဂ္ဂဇင်းက တနှစ်တာအထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်

trump

ဓာတ်ပုံ ရင်းမြစ်, Nadav Kander

ဓာတ်ပုံ ပုံစာ,

ထရမ့်က အရွေးချယ်ခံရလို့ အလွန် ဝမ်းသာ ဂုဏ်ယူမိ

တိုင်း မဂ္ဂဇင်း က အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် ကို ၂၀၁၆ အတွက် ထူးခြား အသိအမှတ် ပြုရမယ့် ပုဂ္ဂိုလ် Person of the Year အဖြစ် ရွေးချယ်လိုက်ပါတယ်။

အမေရိကန် အိမ်ခြံမြေ သူဌေးကြီး နဲ့ တီဗီ အစီအစဉ် တင်ဆက်သူ ထရမ့်ဟာ မစ္စစ် ဟီလာရီ ကလင်တန်ကို အနိုင်ယူပြီး အမေရိကန် သမ္မတ အဖြစ် အရွေးချယ် ခံခဲ့ရသူပါ။

ဒီတခါလည်း ဟီလာရီနဲ့ ရုရှ သမ္မတ ပူတင် ၊ နောက် ဗြိတိန် အီးယူ က ခွဲထွက်ရေးမှာ အောင်မြင်စွာ စည်းရုံးနိုင်ခဲ့တဲ့ ယူကစ်ပါတီ ခေါင်းဆောင် နိုင်ဂျယ် ဖရာ့ချ်နဲ့ Facebook ရဲ့ CEO မာ့က် ဇူကာဘက် တို့ကို ကျော်ပြီး တိုင်းမ် မဂ္ဂဇင်းရဲ့ တနှစ် အတွင်း ထင်ရှားတဲ့ ပုဂ္ဂိုလ်အဖြစ် အရွေးခံရပါတယ်။

NBC ရုပ်မြင်သံကြားမှာ ပြုလုပ်တဲ့ မေးမြန်းခန်းမှာတော့ မစ္စတာ ထရမ့်က ဒါဟာ သူ့အတွက် အလွန်ကို ဝမ်းသာ ဂုဏ်ယူစရာ ဖြစ်မိကြောင်း ပြောခဲ့ ပါတယ်။

မစ္စတာ ထရမ့်ဟာ အမေရိကန် နိုင်ငံရေး စည်းမျဉ်းတွေကို ပြန်ရေးဆွဲခဲ့သူလို့ တိုင်း မဂ္ဂဇင်းက ဆိုပါတယ်။

တိုင်း မဂ္ဂဇင်းက အုပ်ချုပ်မှု အယ်ဒီတာ ဘန်ဂိုးဘာဂါ ပြောတာက ထရမ့်ကို ရွေးတာဟာ လွတ်လပ်တဲ့ ကမ္ဘာကြီး ရဲ့ အသစ်တက်မယ့် ခေါင်းဆောင်မို့သာ မကပါဘူး၊ အမေရိကန်နဲ့ ကမ္ဘာ့ နိုင်ငံရေး ဇာတ်ခုံကိုပါ အပြောင်းအလဲကြီး တခု ဆောင်ကြဉ်းနိုင်လို့ပါလို့ ရှင်းပြပါတယ်။

တိုင်း မဂ္ဂဇင်းက အရင်ကလည်း အမေရိကန် သမ္မတ အဖြစ် အရွေးကောက် ခံရသူတွေကို တင်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ထရမ့်အပါအဝင် တိုင်းမ်က ရွေးတဲ့သူတွေဟာ အမြဲတမ်း ကြီးကျယ် မြင့်မြတ်သူတွေတော့ မဟုတ်ကြပါဘူး။

၂ဝ၁၃ တုန်းကတော့ အမေရိက တိုက်က ပထမဆုံးတက်တဲ့ ပုပ်ရဟန်းမင်း ဖရန်ဆစ်ကို ရွေးခဲ့သလို ၂ဝဝ၇ ခုနှစ်တုန်းကတော့ မစ္စတာ ထရမ့် လေးစား အားကျ တယ်ဆိုတဲ့ ရုရှ သမ္မတ ပူတင် ကို ရွေးခဲ့ပါတယ်။

အဲဒီတုန်းက တိုင်း က ရေးတဲ့ မှတ်ချက်စကားက ဒီရွေးချယ်မှုဟာ ဂုဏ်ပြု ထောက်ခံတာမျိုး မဟုတ်ကြောင်းနဲ့ ကမ္ဘာကို အကောင်းအဆိုး ၂ မျိုးလုံး ဖန်တီးနိုင်တဲ့ အာဏာ အရှိဆုံး သူတယောက်အဖြစ်သာ အသိအမှတ်ပြုတာပါလို့ ရေးခဲ့ပါတယ်။

ဒါ့အပြင် ၁၉၆၃ ကလည်း လူမည်း အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင် မာတင် လူသာကင်းနဲ့ ၁၉၃၈ တုန်းကတော့ ဂျာမနီက နာဇီ အာဏာ ရှင် ဟစ်တလာကို ရွေးခဲ့ဖူးပါတယ်။

ပထမဆုံး အမျိုးသမီးထဲက အရွေးခံရသူကတော့ အမေရိကန်သူ ဝေါလစ် ဆင်ပဆင်ပါ။ သူ့ကို လက်ထပ်ဖို့ ဗြိတိသျှ နန်းကို စွန့်ခဲ့တဲ့ အဋ္ဌမမြောက် အက်ဒွပ် ဘုရင်နဲ့ သူတို့ အချစ်ဇာတ်လမ်း ပေါ်တဲ့နှစ်မှာ အရွေးခံခဲ့ရတာပါ။