IS တွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု အရပ်သားတွေကို ထိမှန်

အီရတ် IS
ဓာတ်ပုံ ပုံစာ,

ဘယ်သူ လက်သည်လည်း ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ

အီရတ်နိုင်ငံမှာ အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ရွာတစ်ရွာကို ပစ်မှတ်ထား ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း အရပ်သား အယောက် ၆ဝ ကျော် သေဆုံးသွားပါတယ်။

သေဆုံးသူ စုစုပေါင်း ၆၃ ယောက် ရှိပြီး၊ အဲဒီထဲက ထက်ဝက်လောက်ဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ဖြစ်တယ်လို့ ဆီးရီးယားနဲ့ နယ်စပ် အနီးက ကွာအမ် ဆိုတဲ့ နေရာမှာ ရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။

IS တွေ အခြေစိုက် ထားတဲ့ ဗလီဝတ်ကျောင်း တစ်ခုကို တိုက်ခိုက် တာကနေ အမှားအယွင်း ဖြစ်ပြီး ၊ အနီးနားက လူနေအိမ်တွေကို ထိမှန် ခဲ့တဲ့ အတွက် အခုလို အရပ်သားတွေ သေဆုံး ကုန်တာ ဖြစ်တယ်လို့ ကနဦး ထွက်လာတဲ့ သတင်းတွေက ဆိုပါတယ်။

IS တွေကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ကရော၊ အီရတ် အစိုးရတပ်ကပါ လေကြောင်း တိုက်ခိုက်နေကြတာ ဖြစ်ပြီး၊ အခု ဖြစ်ရပ်မှာ ဘယ်သူ လက်သည်လည်း ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

ဒီအချိန်မှာပဲ၊ အီရတ် နိုင်ငံထဲ IS တွေရဲ့ အဓိက ခြေကုပ်မြို့ ဖြစ်တဲ့ မိုဆိုးလ်ကို ပြန်လည် သိမ်းပိုက် နိုင်ဖို့ နောက်ထပ် နှစ်လ အချိန်ယူရ ဦးမယ် ဆိုပြီး အီရတ်မှာ တိုက်ခိုက် နေတဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ရဲ့ တပ်မှုး ဗိုလ်ချုပ်ကြီး စီတီဖင် တောင်ဆင် က ပြောပါတယ်။

မဟာမိတ် အဖွဲ့ရဲ့ အထောက်အပံ့ အကူအညီနဲ့ အီရတ် အစိုးရ တပ်ဖွဲ့တွေဟာ မိုဆိုးလ် မြို့သိမ်းစစ် အပြင်းအထန် ဆင်နွှဲနေတာ သီတင်းပတ် တချို့ ကြာမြင့် နေပြီ ဖြစ်ပါတယ်။

IS တွေဟာ ထိန်းချုပ်မြေတွေ အားလုံး တစ်နေ့မှာ လက်လွှတ် ဆုံးရှုံးရမယ် ဆိုတာ သဘောပေါက် လာမှာ ဖြစ်ပြီး ပြောက်ကျား စစ် အဖြစ် သက်ဆင်း လျော့ကျ သွားလိမ့်မယ် ဆိုပြီး ဗိုလ်ချုပ်ကြီး တောင်ဆင်က ပြောပါတယ်။

ဒါပေမယ့် IS အဖွဲ့ တည်ရှိ နေသ၍ အနောက်နိုင်ငံတွေကို တိုက်ခိုက်ဖို့ ကြံစည် ကြိုးပမ်း နေကြဦးမှာပဲ လို့လည်း ဗိုလ်ချုပ်ကြီး တောင်ဆင်က ဆိုပါတယ်။