ကိုးရီးယားသမ္မတကို ရှုတ်ချသင့်မသင့် ဆွေးနွေး

ဓာတ်ပုံ မူပိုင် JUNG YEON-JE
Image caption ပါလီမန်မှာ သုံးပုံ နှစ်ပုံက ထောက်ခံ တယ် ဆိုရင် သမ္မတ ပတ်ဂွန်ဟေး အနေနဲ့ ရာထူး ကနေ ခဏ ဖယ်နေရမယ်

တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေး အပေါ် အဂတိ လိုက်စားမှု အရှုတ် တော်ပုံနဲ့ ပတ်သက်တယ် ဆိုပြီး ရှုတ်ချ ပြစ်တင်မှု လုပ်ငန်း စဉ် စတင်ဖို့ ပါလီမန် မှာ စတင် ဆွေးနွေး နေကြ ပါပြီ ။

အတိုက် အခံတွေ လွှမ်းမိုး တဲ့ တောင်ကိုရီးယား ပါလီမန်မှာ လွှတ်တော် အမတ် သုံးရာလောက် ကသောကြာနေ့မှာ မဲခွဲ ဆုံးဖြတ် ကြမှာပါ။

အမတ်တွေ ထဲက သုံးပုံ နှစ်ပုံက ထောက်ခံ တယ် ဆိုရင် သမ္မတ ပတ်ဂွန်ဟေး အနေနဲ့ ရာထူး ကနေ ခဏ ဖယ်နေပြီး သူမ အနေနဲ့ အဂတိ လိုက်စား မှုမှာ ပါ၀င် ပတ်သက်မှု ရှိမရှိ စုံစမ်း စစ်ဆေး တာတွေကို ခံယူရမှာ ဖြစ်ပါတယ်။

အတိုက် အခံ ဖြစ်တဲ့ Justice Party ပါတီက Na Kyoung chae နကျောင်ချေး က သမ္မတ အပေါ် တရားစွဲဆို ဖို့ ကိစ္စဟာ အောင်မြင် သင့်တယ်လို့ ပြောပါတယ်။

အခုလို ပတ်ဂွန်ဟေး အနေနဲ့ တရားစွဲဆို ရာထူး စွန့်ရဖို့ အထိ ဖြစ်လာရတဲ့ အကြောင်း ရင်းခံ ကတော့ သူ အကြံပေး အဖြစ် ခန့်ခဲ့တဲ့ ၊ သူ့ရဲ့ မိတ်ဆွေလည်းဖြစ်သူ မစ္စချွိုင်စွန်စီ ကြောင့် ဖြစ်ပါတယ်။

အဲဒီ အမျိုးသမီးက ရာထူး အရှိန် အဝါ သုံးပြီး ဆမ်ဆောင်း အပါ အဝင် တခြား လုပ်ငန်းရှင်တွေ ဆီက ငွေယူ တယ်လို့ စွပ်စွဲ မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ လောလော ဆယ်မှာ သမ္မတရဲ့ အကြံပေး တွေကို ဖမ်းဆီး စစ်ဆေး မှုတွေ လုပ်နေ ပါပြီ။

အခုလို သမ္မတ ပတ်ဂွန်ဟေး အပေါ် လွှမ်းမိုး ခြယ်လှယ် ခဲ့တယ် ဆိုတဲ့ စွဲဆိုချက်ကို ရင်ဆိုင်ရတဲ့ Choi Soon-sil ချွိုင် ဆွန်း ဆေလ် ဆိုသူ အမျိုး သမီးဟာ ဂမ္ဘီရ ဆရာ တစ်ယောက်ရဲ့ သမီးဖြစ်ပြီး မစ္စက်ချွိုင်ဟာ အစိုးရ လုပ်ငန်း ကိစ္စတွေမှာ လုံခြုံရေး ကင်းလွတ် ခွင့် မရှိဘဲ ပါဝင် စွက်ဖက် ခဲ့တယ်လို့ သတင်း တွေမှာ ဖော်ပြ ခဲ့ကြ သလို သမ္မတရဲ့ မိန့်ခွန်း တချို့ ကိုလည်း အဲဒီ အမျိုး သမီးက ပြင်ဆင်ခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။

သမ္မတ ပတ်ဂွန်ဟေးက ဝတ်ဆင်ဖို့ အရောင်ရွေးတာမျိုး ကနေ မူဝါဒ ရေးရာလို ကြီးမားတဲ့ ကိစ္စတွေမှာပါ မစ္စက် ချွိုင်ရဲ့ အကြံဉာဏ်ကို ရယူ ခဲ့တယ် ဆိုတဲ့ ပြောဆို မှုတွေလည်း ရှိနေ ပါတယ်။

မစ္စချွိုင်နဲ့ ပတ်ဂွန်ဟေး ရဲ့ တခြား အကြံပေး နှစ်ယောက်ကို အခု အခါမှာ ရဲက ထိန်းသိမ်း ထားပြီး ကျန်းမာရေး အကြောင်းပြချက်နဲ့ လူထု ကြားနာ စစ်ဆေးမှုကို မတက်နိုင် ဘူးလို့ ငြင်းထား ခဲ့ကြ ပါတယ်။

ဒါကြောင့် မစ္စ ချွိုင် နဲ့ တခြား အရေးပါတဲ့ သက်သေတွေ အပြင် သူ့မိသားစု ၀င်တွေလည်း တက်ရောက် ရမယ်လို့ ဗုဒ္ဓဟူးနေ့က တရားခွင် မှာ အမိန့်ထုတ်ခဲ့ ပါတယ်။ တကယ်လို့များ ဒီအမိန့်ကို ငြင်းပယ်ရင် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ကျခံ ရမှာ ဖြစ်ပါတယ်။

အခုလို သမ္မတ အကြံပေးက ကုမ္ပဏီကြီးတွေ ကနေ ဒေါ်လာ သန်းနဲ့ချီ လာဘ်ယူပြီး အစိုးရ စီမံကိန်း ကြီးတွေ လုပ်ခွင့် ရအောင် ဆောင်ရွက် ပေးတယ် ဆိုတဲ့ အပေါ် သမ္မတ က သိရဲ့သားနဲ့ ငြိမ်နေတာလို့ မစ္စ ပတ်ဂွမ်ဟေး အပေါ် စွပ်စွဲ ထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံ တလွှားမှာ ဆန္ဒပြမှုတွေ သီတင်းပတ်တိုင်း အကြီး အကျယ် ဖြစ်ပေါ်ခဲ့ပြီး လွှတ်တော်မှာ လည်း နက်ဖြန် သောကြာ နေ့မှာ ပတ်ဂွန်ဟေး အပေါ် တရားစွဲ ဆိုဖို့ မဲခွဲ ဆုံးဖြတ် တော့မှာ ဖြစ်ပါတယ်။

တကယ်တော့ အတိုက် အခံ တွေ အများစု က လွှတ်တော်တွင်း လွှမ်းမိုး ထားတယ် ဆိုပေမယ့် ဒီအဆို ကို အတည်ပြု နိုင်ဖို့ အတွက် အတိုက် အခံတွေ အားလုံးက ထောက်ခံရင်တောင် နောက်ထပ် ၂၈ မဲလောက် လိုနေ သေးတာ ဖြစ်ပါတယ်။

ဒါကြောင့် မဲခွဲဆုံးဖြတ်မှု ဘယ်လို ဖြစ်လာ မလဲ ဆိုတာ ဘယ်သူမှ ခန့်မှန်း ထင်ကြေး မပေး နိုင်ကြ သလို သမ္မတ ပတ်ဂွန်ဟေးကို စုံစမ်း စစ်ဆေး တရားစွဲ တာတွေ လုပ်ဖို့ လွှတ်တော်က အတည်ပြု ပေးလိုက် ရင်တောင်မှ တောင်ကိုရီးယာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ အရ သူ့ကို ရာထူးက လုံး၀ ထုတ်ပစ်ဖို့ ဆိုတာ တနှစ်လောက် ကြာမြင့် နိုင်တယ်လို့ ဘီဘီစီ သတင်းထောက် စတီဗ် အယ်ဗန်က သုံးသပ်ထား ပါတယ်ရှင်။

ဒီသတင်းနဲ့ပတ်သက်သမျှ