ဆီးရီးယားတပ် အလက်ပိုမှာ အရပ်သားတွေ ကို ထွက်ခွာခွင့် ပြု

aleppo

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

သူပုန် တွေ ထိန်းချုပ်ခဲ့တဲ့ အရပ် က အရပ်သားတွေ ထွက်ခွာ

ဆီးရီးယား စစ်တပ် က အလက်ပိုမြို့ အရှေ့ပိုင်းက တိုက်ပွဲ တွေ ကို ခေတ္တရပ်ဆိုင်းပေးရင်း သူပုန် တွေ ထိန်းချုပ်ခဲ့တဲ့ အရပ် က အရပ်သားတွေ ကို ထွက်ခွာခွင့် ပြုမယ်လို့ သိရပါတယ်။

ဒါကို ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလက်ဗရော့ဗ် က ဂျာမနီ နိုင်ငံ ဟမ်းဘတ် မှာ ကျင်းပတဲ့ ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး လာတက်ယင်း အလွတ်သဘော ပြောခဲ့တာပါ။

လာမယ့် စနေနေ့ကျရင် ရုရှ စစ်ဘက် အရာရှိတွေ နဲ့ အမေရိကန် စစ်ဘက် အရာရှိတွေ၊ သံတမန် အသိုင်းအဝိုင်းဟာ ဂျနီဗာမြို့ မှာဆုံကြရင်း ဒီကိစ္စ ကို အသေးစိတ် ဆွေးနွေးကြမှာပါ။

ပြဿနာ ရဲ့ အဓိက ဖြေရှင်းရမယ့် အပိုင်းကတော့ သူပုန်တွေ အလက်ပို မြို့ အရှေ့ပိုင်း က ဆုတ်ခွာပြီးတာနဲ့ ဒီ ဘက်မှာ နေကြတဲ့ အရပ်သားတွေ ပါ ထွက်လာနိုင်အောင် ဖြစ်ပါတယ် လို့ ဆိုတာပါ။

အိမ်ဖြူတော် ပြောခွင့်ရ အရာရှိ ဂျောရှ့်အားနက်စ် ကတော့ အပြုသဘောဆောင်တဲ့ ရုရှ ရဲ့ ပြောကြားချက် ကို သတိထား ကိုင်တွယ်ဖို့ လိုကြောင်း ပြောပါတယ်။

အလက်ပို မြို့တွင်း အခြေအနေ ကိုလေ့လာတဲ့ အခါမှာ ကျနော် တို့ဘက်ကတော့ ရုရှဘက် က ဘာပြောသလည်း ဆိုတာ ကို အစကတည်း က အသေအချာ နားထောင်သလို သူတို့ လှုပ်ရှားမှု ကိုလည်း ကျကျနန စစ်ဆေး နေပါတယ်။ ရုရှ ဘက် က အပြောအရတော့ အပြုသဘော ဆောင်ပေမယ့် ကျနော်တို့ ဘက်ကတော့ လက်တွေ့ အနေအထား အရ အပစ်ရပ် မရပ် ဆိုတာ ကို စောင့်ကြည့်ရဦးမှာပါ လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာလည်း လူပေါင်း ရှစ်ထောင် ခန့် မြို့တွင်းပိတ်မိ နေတဲ့ အကြောင်း မစ္စတာ လက်ဗရော့ဗ် ကပြောပါတယ်။

ဒီလူတွေ ကို မြို့တွင်း က အန္တရာယ် ကင်းရှင်းစွာ နဲ့ ထွက်ခွာနိုင်အောင် လမ်းကြောင်း ပါ ဖွင့်ပေး ရဦးမှာပါ။

သမ္မတ အာဆတ် ကတော့ အလက်ပိုမြို့တွင်း ကနေ သူပုန်တွေ အားလုံး ကို တိုက်ထုတ် နိုင်မှ သာလျှင် ဆီးရီးယား ပြည်တွင်းစစ် ရပ်စဲ တဲ့ အနေအထား ရောက်နိုင်ဖွယ်ရှိတယ် လို့ ပြောတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဒေးဗစ်ဘမ်းဖော့ က သတင်းပို့လိုက်ပါတယ်။