အမေရိကန် ရွေးကောက်ပွဲ အစွက်ဖက် ခံခဲ့ရလား

ထရမ့် ရုရှား CIA
ဓာတ်ပုံ ပုံစာ,

ထရမ့် အနိုင်ရအောင် ရုရှားက ဆိုင်ဘာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ် လို့ CIA က ကောက်ချက်ချ။

အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ အတွင်း ရုရှားက စွက်ဖက် နှောင့်ယှက်တာတွေ ပြုလုပ် ခဲ့တယ် ဆိုတဲ့ အချက်ကို ဒေါ်နယ်ထရမ့် အနေနဲ့ လက်ခံပါ ဆိုပြီး ရီပတ်ဘလစ်ကင် ပါတီ သမ္မတလောင်း အဖြစ် ၂ဝဝ၈ ရွေးကောက်ပွဲ ဝင်ခဲ့ဖူးတဲ့ ဂျွန် မက်ကိန်းက တိုက်တွန်း လိုက်ပါတယ်။

ဒေါ်နယ်ထရမ့် နိုင်ထားတဲ့ သမ္မတ ရွေးကောက်ပွဲ အပေါ် စုံစမ်း စစ်ဆေးမှုတွေ အပြည့်အဝ ပြုလုပ်ဖို့ တောင်းဆို နေကြတဲ့ ဩဇာကြီး ဆီနိတ်တာ အမတ်တွေထဲ မစ္စတာ မက်ကိန်း ပါဝင် လာတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲကို မော်စကို အစိုးရက ကြားဝင် စွက်ဖက်မှုတွေ ပြုလုပ် ခဲ့တယ် ဆိုတဲ့ အချက် အပေါ် အမေရိကန် နိုင်ငံသားတိုင်း အရေးတကြီး သဘောထား ရမှာ ဖြစ်တယ် ဆိုပြီး ဆီနိတ်တာ အမတ်တွေရဲ့ ပူးတွဲ ထုတ်ပြန်ချက်ထဲ ရေးသား ထားပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရအောင် ရုရှားက ဆိုင်ဘာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေး CIA ရဲ့ ကောက်ချက် ကို မစ္စတာ ထရမ့်က လက်မခံပဲ ပယ်ချ ထားပါတယ်။

ရုရှားက အဲဒီလို လုပ်ဆောင် ခဲ့တယ် ဆိုတဲ့ အချက်ကို သူ မယုံကြည်ဘူး ဆိုပြီး အမေရိကန် ဖောက်စ် သတင်းဌာနကို မစ္စတာ ထရမ့် ပြောကြား ခဲ့ပါတယ်။

တခါ၊ အဲဒီ ရုပ်သံ မေးမြန်းခန်းမှာပဲ ဒေါ်နယ်ထရမ့်က အမေရိကန် အနေနဲ့ One-China policy လို့ ခေါ်တဲ့ "တရုတ် တနိုင်ငံတည်း ရှိတယ်" ဆိုတဲ့ မူဝါဒနဲ့ အတုပ်နှောင် မခံ သင့်ဘူးလို့ ပြောပါတယ်။

ဒီပြောဆိုမှုဟာ တရုတ် ပြည်မကြီး အစိုးရ အတွက် စိုးရိမ်မှုတွေ ဖြစ်လာ စေနိုင်ပါတယ်။

အခုလ အစောပိုင်း တုန်းကလည်း တရုတ်ပြည်မကြီး အစိုးရက သစ္စာဖောက် ပြည်နယ်၊ သူပုန်ပြည်နယ် တစ်ခု အဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ် ရဲ့ အမျိုးသမီး သမ္မတ ထိုင် အင်-ဝင် နဲ့ ထရမ့် တယ်လီဖုန်း ကနေ တိုက်ရိုက် စကား ပြောဆို ခဲ့မှု အပေါ် ဘေဂျင်း အစိုးရက တရားဝင် ကန့်ကွက် ခဲ့ပါတယ်။

One-China policy ကို အမေရိကန် ကလည်း ၁၉၇၉ ခုနှစ် ကတည်းက တည်းက အသိအမှတ်ပြု လက်ခံ ထား ခဲ့တာ ဖြစ်ပါတယ်။