စစ်နိုင်သူတွေ ကျူးလွန်မှုကို အလက်ပ်ပို အရပ်သားတွေ ခံနေရ

အလက်ပ်ပို နယ်မြေ အများစုကို အစိုးရနဲ့ သစ္စာခံ တပ်တွေ ပြန်သိမ်း
ဆီးရီးယား နိုင်ငံ အလက်ပ်ပို မြို့မှာ အရပ်သားတွေ အစုလိုက် အပြုံလိုက် အပေါ် ကျူးလွန် နေတဲ့ ရက်စက် ကြမ်းကြုတ် မှု တွေ ဖြစ်ပေါ် နေတဲ့ သတင်းတွေ ရရှိ နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက သတိပေး လိုက်ပါတယ်။
အလက်ပ်ပို မှာ တိုက်ခိုက် နေတဲ့ လက်နက်ကိုင် တွေ အားလုံး၊ အထူးသဖြင့် ဆီးရီးယား အစိုးရတပ်နဲ့ တခြား သစ္စာခံ အဖွဲ့တွေ အနေနဲ့ အရပ်သား တွေကို ကာကွယ် စောင့်ရှောက်ဖို့ မစ္စတာ ဘန်က တိုက်တွန်း နေပါတယ်။
အလက်ပ်ပို တိုက်ပွဲမှာ အောင်ပွဲဆင် နေတဲ့ လက်နက်ကိုင် တွေဟာ ကြမ်းကြုတ် ရက်စက် တဲ့ အပြုအမူ တွေ ကျုးလွန် နေကြပြီး၊ သူတို့ ကျူးလွန် သမျှ အတွက် အတွက် ရုရှား နဲ့ ဆီးရီးယား အစိုးရတွေမှာ တာဝန် ရှိတယ် လို့ ကုလသမဂ္ဂ ရဲ့ ဆီးရီးယား လူ့ အခွင့်အရေး ဆိုင်ရာ အကြံပေး ယန်း အေဂလန် ကလည်း ပြောပါတယ်။
အစောပိုင်း တုန်းကတော့ ဆီးရီးယား အစိုးရ က အလက်ပ်ပို မြို့ တစ်ခုလုံးကို ထိန်းချုပ် နိုင်ရေး စီမံကိန်းဟာ အခုဆို နောက်ဆုံး အဆင့်ကို ရောက်ရှိ လာနေပြီ လို့ ထုတ်ပြန် ထားပါတယ်။
ဆီးရီးယား လူ့အခွင့်ရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ရဲ့ အဆိုအရ အလက်ပ်ပို အရှေ့ ဘက်ခြမ်း နယ်မြေ တွေ ထဲက နောက်ထပ် ၆ နေရာ ကနေလည်း သူပုန် အဖွဲ့တွေ ဆုတ်ခွာ သွား ခဲ့ပြီ ဖြစ်ပါတယ်။
အလက်ပ်ပို အရှေ့ဘက်ခြမ်း လက်ကျန် သူပုန်တွေ ပိတ်မိ နေတဲ့ နေရာ တွေမှာ အရပ်သား ထောင် ဂဏာန်း တချို့ ရှိနေပါတယ်။
အဆက်မပြတ် ကျနေတဲ့ လက်နက်ကြီး ကျည်တွေနဲ့ ကမ္ဘာပျက်သလို ဖြစ်နေတယ် ဆိုပြီး တိုက်ပွဲတွေ ရှိနေတဲ့ အရပ် တစ်ခုက ကျောင်းဆရာ တစ်ယောက်က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အစိုးရ ထိန်းချူပ် ဒေသတွေထဲ ပြေးဝင်လာကြတဲ့ အရပ်သားတွေလည်း သောင်းနဲ့ချီ ရှိနေပြီး၊ တချို့ ကတော့ အစိုးရ သစ္စာခံ တပ်တွေ လက်ထဲ ရောက်ရင် အသတ် ခံရမှာကို ကြောက် နေတဲ့ အတွက် သူပုန် နယ်မြေ တွေထဲမှာပဲ ဆက်လက် နေနေ ကြရပါတယ်။
သူပုန် ထိန်းချုပ် နယ်မြေ တွေထဲ ပိတ်မိ နေတဲ့ အရပ်သား တွေကို ကယ်ဆယ် နိုင်ရေး အတွက် ချက်ခြင်း အပစ်ရပ်ဖို့ အမေရိကန်ရဲ့ အဆိုပြုချက် ကို ရုရှားက ပယ်ချ ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ပါတယ်။
အပစ်ရပ်ရင် သူပုန် အဖွဲ့တွေ ပြန်လည် စုစည်း ဖို့ အခွင့်အရေး ပေးသလို ဖြစ်လာ လိမ့်မယ် ဆိုပြီး ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့ဗ် က တုံ့ပြန်ပါတယ်။
တခါ၊ ဆီးရီးယား နိုင်ငံထဲ IS တွေ ထိန်းချုပ် ထားတဲ့ ရွာတွေကို ပစ်မှတ်ထား လုပ်ဆောင် ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် လူ အယောက် ၅ဝ ကျော် သေဆုံး သွားပြီး၊ အဲဒီထဲ ကလေးသူငယ် တွေ အများအပြား ပါဝင် နေပါတယ်။
အိုကွေရာဘတ် နဲ့ အနီးနား ကျေးရွာတွေ လေကြောင်း တိုက်ခိုက် ခံခဲ့ရတာပါ။
အဲဒီ အရပ်တွေဟာ IS တွေ လက်ထဲ ပြန်လည် ကျရောက် သွားတဲ့ ရှေးဟောင်းမြို့ ပါလ်မိုင်းရား ရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိပါတယ်။