ယီမင်မှာ ၁ဝမိနစ်ကို တစ်ယောက်နှုန်း ကလေးငယ်တွေ သေဆုံးနေ

ယီမင် ကလေးငယ် တွေ ဆယ်မိနစ် ကို တစ်ယောက်နှုန်း သေဆုံး နေ
ယီမင် နိုင်ငံမှာ ကလေးသူငယ် အရေအတွက် နှစ်သန်းကျော်ဟာ အစာအဟာရ မပြည့်ဝတဲ့ ဒဏ် ခံနေရတယ် လို့ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက် နေသူတွေက ပြောပါတယ်။
သာမန် အချိန်တွေမှာဆို ကြိုတင် ကာကွယ် ကုသ နိုင်တဲ့ ရောဂါမျိုး တွေနဲ့ ယီမင် ကလေးငယ် တွေဟာ ဆယ်မိနစ် ကို တစ်ယောက်နှုန်း သေဆုံး နေကြရတယ်လို့ ကုလသမဂ္ဂရဲ့ ကလေး သူငယ်များ ဆိုင်ရာ အေဂျင်စီ အဖွဲ့ ယူနီဆက်ဖ် က ပြောပါတယ်။
ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတွေထဲ ပါဝင် တဲ့ ယီမင် နိုင်ငံမှာ အခုဆိုရင် ပြည်တွင်းစစ် ဖြစ်ပေါ် နေတာ နှစ်နှစ်တာ ဝန်းကျင် ရှိလာ နေပြီ ဖြစ်ပါတယ်။
ယီမင် အစိုးရနဲ့ ရှီအာ မွတ်ဆလင်မ် သူပုန် ဟူသီ တွေ ကြား တိုက်ခိုက် နေကြတာ ဖြစ်ပြီး၊ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ကလည်း ယီမင် အစိုးရက ကျောထောက် နောက်ခံ ပေးနေပြီး လေကြောင်း တိုက်ခိုက်တာတွေ ပြုလုပ် နေပါတယ်။
ယီမင် နိုင်ငံတွင်း စားနပ်ရိက္ခာ ပြတ်တောက် နေတဲ့ နေရာ အများအပြားကို ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ လုံးဝ မပို့နိုင် ဖြစ်နေပြီး၊ အခြေအနေဟာ အင်မတန် ဆိုးရွား လွန်းနေတယ် လို့ ယူနီဆက်ဖ် အဖွဲ့က ပြောပါတယ်။