ကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရေနံသူဌေး တီလာဆန်ကိုရွေး

tillerson

ဓာတ်ပုံ ရင်းမြစ်, MICHAEL KLIMENTYEV

ဓာတ်ပုံ ပုံစာ,

တီလာဆန်ဟာ ရုရှ သမ္မတ ပူတင်နဲ့ ဆက်ဆံရေး ကောင်း

အမေရိကန် သမ္မတ အဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်နယ် ထရမ့်က နိုင်ငံခြားရေး ဝန်ကြီး ရာထူးကို Exxon Mobil ရေနံ ကုမ္ပဏီကြီးရဲ့ အမှုဆောင် အရာရှိချုပ် ရက်စ် တီလာဆန်ကို ရွေးချယ်ကြောင်း အတည်ပြု ပြောကြား ခဲ့ပါတယ်။

မစ္စတာ တီလာဆန်ဟာ ရုရှ သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဆက်ဆံရေး ကောင်းသူ ဖြစ်တာမို့ ဒီလို ခန့်အပ်တာဟာ ဒီမိုကရက်နဲ့ ရီပတ် ဘလစ်ကန် ပါတီဝင် တချို့ အတွက် အလန့်တကြား ဖြစ်သွားစေပါတယ်။

ဒီမတိုင်ခင်ကပဲ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူ တက်အောင် ရုရှက ကူညီခဲ့တယ်လို့ ထောက်လှမ်းရေး ဘက်က သတင်းတွေ ထွက်လာခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ရာထူးဟာ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး မူတွေကို ပုံဖော်ရာမှာ တာဝန် အရှိဆုံး ရာထူး ဖြစ်ပါတယ်။

မစ္စတာ ထရမ့် လက်ထက်မှာ ဒီရာထူးရှင် ထမ်းဆောင်ရမယ့် တာဝန်တွေထဲမှာ တရုတ်နဲ့ အငြင်းပွားစရာ ကိစ္စတွေကနေ အီရန်နဲ့ အဏုမြူရေး ပြန်ဆွေးနွေးရမယ့် ကိစ္စတွေထိ ပါပါတယ်။

ဝါရှင်တန်က ဘီဘီစီ သတင်းထောက် Barbara Plett Usher ကတော့ ဒီလိုလူကို ခန့်ထားတာဟာ သူဌေးများတဲ့ ဒေါ်နယ်ထရမ့် အစိုးရနဲ့ ကိုက်တယ်လို့ ဆိုပါတယ်။

ဒီလို ရေနံ သူဌေးကို နိုင်ငံခြားရေး ဌာန ပေးတာဟာ အမေရိကန် အကျိုးစီးပွား အတွက် အကောင်းဆုံး အပေးအယူတွေ လုပ်နိုင်ဖို့ ထရမ့်က ကြိုးစားတာသာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စီးပွားရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ မှာ စေ့စပ်ညှိနှိုင်းသူတွေထဲ တီလာဆန်ဟာ အတော်ဆုံးသူ ဖြစ်တယ်လို့ ထရမ့်က ချီးကျူးထားပါတယ်။

နောက်ပြီး ရုရှနဲ့ တီလာဆန် အနှစ် ၂ဝ ကြာ ရင်းနှီး ဆက်ဆံခဲ့မှုဟာလည်း အမေရိကန် နိုင်ငံခြားရေး ဌာနအတွက် ထိခိုက်လာနိုင်ပါတယ်။ နောက်ပြီး ဒေါ်နယ် ထရမ့် ကိုယ်တိုင်က ရုရှနဲ့ ရင်းနှီးစွာ ဆက်ဆံဖို့ ပြောဆိုနေတာတွေကို ကမ္ဘာ့ လုံခြုံရေး ထိခိုက် လာနိုင်တယ် ဆိုပြီး ပူပန်သူတွေ ရှိနေပါတယ်။

နောက်ပြီး ကရိုင်းမီးယား ကျွန်းဆွယ်ကို သိမ်းပိုက်တဲ့ ရုရှကို အနောက်အုပ်စုက ဒဏ်ခတ် ပိတ်ဆို့ထားတာတွေကို ဆက်ပြီး ထိန်းထားရမယ့် တာဝန်ကလည်း ရေနံ ကုမ္ပဏီ သူဌေး တယောက်အဖို့ အကျိုးစီးပွားချင်း ဝိရောဓိတွေ ဖြစ်လာနိုင်ပါတယ်။

လောလောဆယ်မှာတော့ ဒီလို ရွေးချယ်မှုအပေါ် ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လဗ်ဗရော့ဗ်က ချီးကျူး ကြိုဆို လိုက်ပါတယ်။

ထရမ့်နဲ့ တီလာဆန်တို့ ၂ ယောက်လုံးဟာ လက်တွေ့ကျသူတွေ ဖြစ်ကြပါတယ် ။ ဒီလက်တွေ့ကျမှုကနေ ၂ နိုင်ငံ အကျိုးစီးပွားနဲ့ နိုင်ငံတကာ အရေးတွေ ဖြေရှင်းရာမှာ ပူးပေါင်း ဆောင်ရွက်သွားနိုင်ကြလိမ့်မယ်လို့ မစ္စတာ လဗ်ဗရော့ဗ်က ပြောကြား ခဲ့ပါတယ်။

တရုတ် အစိုးရ ဘက်ကလည်း တီလာဆန်နဲ့ ပူးပေါင်း လုပ်ကိုင်သွားဖို့ မျှော်လင့်ကြောင်း ပြောကြား ခဲ့ပါတယ်။

တီလာဆန် ကတော့ ဒီလို ရွေးချယ် ခံရမှုကို ဂုဏ်ယူကြောင်းနဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အတွက် ကြိုးစား ထမ်းရွက်သွားမယ်လို့ ဆိုပါတယ်။

သူ့မှာ နိုင်ငံခြားရေး မူနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိပေမယ့် နိုင်ငံ ၅ဝ ကျော်မှာ ဝန်ထမ်း ခုနစ် သောင်း ခွဲနဲ့ လည်ပတ် နေတဲ့ လုပ်ငန်းကြီး တခုကို မောင်းနှင်နေသူ ဖြစ်ပါတယ်။

ဒီလျာထားခံရမှုကို အထက်လွှတ်တော်က အတည်ပြုပေးဖို့တော့ လိုပါသေးတယ်။