အလက်ပိုမှာ အပစ်ရပ်ဖို့ သဘောတူကြပြီ

Image caption ၄ နှစ်ကြာ အလက်ပို စစ် တကယ် ပြီးဆုံး ပြီလား။

ဆီးရီးယား နိုင်ငံ အလက်ပို မြို့မှာ အပစ်ရပ်ဖို့ သဘောတူ ခဲ့ကြတယ်လို့ သူပုန် အုပ်စုတွေ ဘက်ကရော၊ ရုရှားကပါ ပြောပါတယ်။

အလက်ပို အရှေ့ဘက်ခြမ်းမှာ ပိတ်မိနေတဲ့ လက်ကျန် သူပုန်တွေရဲ့ နေရာတွေကို ဆီးရီးယား အစိုးရတပ်က သိမ်းပိုက်ဖို့ ကြိုးစား နေတုန်း အခုလို အပစ်ရပ် သဘောတူမှု ရလာတာပါ။

အဲဒီ့ သဘောတူမှုထဲ ဘယ်လို အသေးစိတ် အချက်အလက်တွေ ပါဝင် သလဲ ဆိုတာနဲ့ ပတ်သက်ပြီး မတူတဲ့ သတင်းတွေ အမျိုးမျိုး ထွက် နေပါတယ်။

ပိတ်မိနေတဲ့ လက်နက်ကိုင်တွေ ထွက်သွားခွင့် ပေးတာ ဆိုပြီး သမ္မတ အာဆတ် အစိုးရရဲ့ မဟာမိတ် ရုရှားက ပြောနေသလို၊ သူပုန်တွေဘက်က လာတဲ့ သတင်းတွေ အရတော့ တိုက်ပွဲတွေကြား ပိတ်မိနေပြီး ကူညီကယ်ဆယ်ဖို့ အရေးပေါ် လိုအပ်နေတဲ့ ထောင်ဂဏာန်း တချို့ရှိတဲ့ အရပ်သားတွေ ပါ ထွက်ခွာခွင့် ရရှိတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာပဲ၊ အလက်ပို အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီမှာလည်း အရေးပေါ် ဆွေးနွေး ခဲ့ကြပါတယ်။

အလက်ပိုမှာ အရပ်သားတွေ အသတ် ခံနေရတယ် ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောကြား ခဲ့တဲ့ နောက် အခုလို လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ်။

အလက်ပိုမှာ အောင်ပွဲ ခံနေတဲ့ ဆီးရီးယား အစိုးရ သစ္စာခံ တပ်တွေဟာ အရပ်သားတွေ ကိုပါ အစစ်အဆေး အမေးမြန်း မရှိ ပစ်သတ် နေပြီး၊ အသတ် ခံခဲ့ရသူတွေထဲ အမျိုးသမီးနဲ့ ကလေးငယ် တွေ လည်း အပါအဝင် ဖြစ်တယ် လို့ မစ္စတာဘန်က ပြောခဲ့ပါတယ်။

အဲဒီ့ လက်နက်ကိုင်တွေရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေ အတွက် သမ္မတ အာဆတ် အစိုးရ သာမက၊ သမ္မတ အာဆတ်ကို ကူညီ ထောက်ပံ့ နေကြတဲ့ ရုရှားနဲ့ အီရန်တို့ မှာပါ တာဝန် ရှိတယ် ဆိုပြီး အမေရိကန် သံအမတ်ကလည်း စွပ်စွဲ ပြစ်တင် ခဲ့ပါတယ်။

ရုရှား ကိုယ်စားလှယ် ကတော့ အဲဒီ စွပ်စွဲ ပြောဆိုမှုတွေ မမှန်ကန်ဘူးလို့ တုံ့ပြန်ပါတယ်။

အနောက်အုပ်စု ကြောင့်သာ ဆီးရီးယားမှာ အကြမ်းဖက် ဝါဒ ခေါင်းထောင် ထကြွ လာစေ ခဲ့တာ ဖြစ်ပြီး၊ အခုဆို ကိုယ့် လူမျိုး အချင်းချင်း ဓားစာခံ လို ဖမ်းထားတဲ့ ဂျီဟာ့ဒ် ဝါဒီ တွေရဲ့ လက်ထဲ ကနေ အလက်ပို လွတ်မြောက် ခဲ့ပြီလို့လည်း ရုရှားက တုံ့ပြန် ပြောဆို ခဲ့ပါတယ်။

တခါ၊ ကမ္ဘာတလွှား အကြမ်းဖက် တိုက်ခိုက်မှု တွေကို ကြိုးကိုင် ခဲ့တဲ့ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ ခေါင်းဆောင် ၃ ယောက်ကို ဆီးရီးယား ထဲမှာ သတ်ဖြတ် ခဲ့နိုင်တယ် ဆိုပြီး အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် ညွန့်ပေါင်း အုပ်စုက ထုတ်ပြော လာပါတယ်။

အဲဒီ့ထဲက နှစ်ယောက်ဟာ ၂ဝ၁၅ ပဲရစ် မြို့ တိုက်ခိုက်မှုကို စီစဉ် ခဲ့တဲ့ ဆာလား ဂိုမေး နဲ့ ဆမ်မီ ဂျေဒူး တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆီးရီးယားထဲ IS တို့ရဲ့ ခြေကုပ်မြို့ ဖြစ်တဲ့ ရက်ကာမှာ အခုလ အစောပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း အဲဒီ့ ၃ ယောက် သေဆုံးသွားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ