အလက်ပိုက ဒဏ်ရာရသူတွေကို သယ်ထုတ်
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့အရှေ့ခြမ်းက သူပုန်တွေနဲ့ မိသားစုတွေ အရပ်သားတွေ ကယ်ထုတ်ရေး အစီအစဉ်ကို ဒီဇင်ဘာလ ၁ ရက်နေ့ မနက်က စတင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, OMAR HAJ KADOUR
ဒဏ်ရာရထားသူတွေကို အရင်ခေါ်ထုတ်
ပထမဆုံးအသုတ် အဖြစ် ဒဏ်ရာရနေတဲ့သူတွေကို လူနာတင်ကားတွေနဲ့ သယ်ထုတ်ခဲ့ပါတယ်။ ဆီးရီးယားအာရပ် လခြမ်းနီ အဖွဲ့နဲ့ အိုင်စီအာစီ ကြက်ခြေနီအဖွဲ့တို့က ဒဏ်ရာရနေတဲ့သူတွေကို ဆေးဝါးကုသပေးနိုင်တဲ့ နေရာရောက်အောင် ရွှေ့ပြောင်းပေးဖို့ ကူညီနေကြပါတယ်။
စောစောပိုင်းကတော့ ကားတွေ စအထွက်မှာ ဝိုင်းပစ်ခတ်တာတွေရှိခဲ့လို့ တစ်ယောက်သေပြီး လေးယောက်ဒဏ်ရာရသွားတယ်လို့ အလက်ပိုမှာ ရှိနေတဲ့ အလွတ်သတင်းထောက် Zouhir Al Shimale ကပြောပါတယ်။
မြို့ထဲမှာရှိတဲ့ သူပုန်လေးထောင်ကျော်နဲ့ သူတို့ မိသားစုတွေကို လုံခြုံရေးလမ်းရှင်းထားတဲ့ အထူးလမ်းကြောင်းကနေ နောက်ထပ် သူပုန်တွေ ထိမ်းချုပ်ထားရာ အိဒ်လစ်ဗ်မြို့ကို ပို့မှာ ဖြစ်ပါတယ်။
အဲဒီလမ်းကြောင်းက အခြေအနေကို ဒရုန်းတွေနဲ့ သူတို့ စောင့်ကြည့်နေတယ်လို့ ရုရှားကာကွယ်ရေးဌာနကပြောပါတယ်။
အလက်ပိုကို သူပုန်တွေ လေးနှစ်ကြာသိမ်းပိုက်ထားရာက အစိုးရနဲ့ သူ့ မဟာမိတ်တပ်တွေက ပြန်တိုက်ပြီး သိမ်းယူနိုင်ခဲ့ပြီးတဲ့နောက် နှစ်ဖက်ညှိလို့ အခုလို ပိတ်မိနေသူတွေကို ခေါ်ထုတ်တာ ဖြစ်ပါတယ်။
တချိန်ထဲမှာပဲ သူပုန်တွေ ဝိုင်းပြီး ပိတ်ဆို့ထားတဲ့ Kfraya and Fua ရွာတွေက အစိုးရလိုလားတဲ့ တပ်တွေကို ခေါ်ထုတ်ဖို့ ဘတ်စကားတွေလည်း သွားနကြပြီလို့ သိရပါတယ်။