ဆီးရီးယားမှာ သူပုန်နဲ့ အစိုးရ သဘောတူညီမှုတခုရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယား အနောက်တောင်ဘက် အစ်ဒလစ်ပြည်နယ်က မြို့၂မြို့ဖြစ်တဲ့ ဖူဝါနဲ့ ကက်ဖ်ယာရာမြို့က ထွက်ခွာမယ့်သူ အရေအတွက် လေးထောင်လောက် ရှိ
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့က ဘေးလွတ်ရာ ထွက်ခွာဖို့ ထောင်နဲ့ချီပြီး ကျန်သေးတဲ့ သူပုန်နဲ့ အရပ်သားတွေဟာ ထွက်ခွာရေး အစီအစဉ်ပြန်စတာကို စောင့်ဆိုင်းနေခဲ့ရပေမယ့် နောက်ဆုံး အစိုးရနဲ့ သူပုန်တွေ သဘောတူချက်တခုအရ ဒီအစီအစဉ်ကို ပြန်စတော့မှာ ဖြစ်ပါတယ်။
သူပုန်နဲ့ အစိုးရ နှစ်ဖက်စလုံးက သဘောတူချက် ချိုးဖောက်မှုတွေကြောင့် ဒီအစီအစဉ်ကို သောကြာနေ့က ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်းမှာ ဒီထွက်ခွာရေး အစီအစဉ်ကို ကြီးကြပ်နေတဲ့ ရုရှားဗိုလ်ချုပ် ဆာဂေး ရပ်စကွိုင်းက
'အမှန်တကယ်က ကျနော်တို့လုပ်ထားတဲ့ သူပုန်နဲ့ အရပ်သား ထွက်ခွာရေး အစီအစဉ်ပြီးသွားပါပြီ၊
အစွန်းရောက် သူပုန်တချို့ပဲ ဆီးရီးယားတပ်ဘက်က နှိမ်နင်းဖို့ ကျန်နေတာ' လို့ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ သူပုန်တွေက အစိုးရထောက်ခံတဲ့ ရှီအာမြို့နှစ်မြို့က စစ်သွေးကြွတွေရဲ့ လမ်းဖွင့်ပေးထားဖို့ တောင်းဆိုချက်ကို သဘောတူလိုက်ပါတယ်။
ဒီ သဘောတူချက်သာ အကောင်အထည် ဖော်ဖြစ်ခဲ့ရင် ဆီးရီးယား အနောက်တောင်ဘက် အစ်ဒလစ်ပြည်နယ်က မြို့၂မြို့ဖြစ်တဲ့ ဖူဝါနဲ့ ကက်ဖ်ယာရာမြို့က ထွက်ခွာမယ့်သူ အရေအတွက် လေးထောင်လောက် ရှိပါတယ်။
အခုလို တိုက်ပွဲဖြစ်တဲ့ နေရာတွေက လူတွေ ဘေးလွတ်ရာ ထွက်ခွာရေး အတွက် အလက်ပိုမြို့တွင်း နိုင်ငံတကာက စောင့်ကြည့်သူတွေ ဝင်ရောက်နိုင်ရေးနဲ့ အကူအညီပေးရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီရက်ပိုင်းအတွင်း မဲခွဲဆုံဖြတ်ဖို့ အလားအလာ ရှိနေပါတယ်။