ဆီးရီးယားမှာ သူပုန်တွေ ကယ်ဆယ်ရေးကားတွေကို မီးရှို့

ဓာတ်ပုံ မူပိုင် Reuters
Image caption ဖိုအာနဲ့ ကီဖရာယာမြို့ကို သွားနေတဲ့ ဘတ်စ်ကားတွေ မီးရှို့ခံရ

ဆီးရီးယားနိုင်ငံက အလက်ပိုမြို့သားတွေကို ကယ်ဆယ်ရေးလုပ်ငန်းအတွက် အစိုးရထိန်းချုပ်တဲ့ဒေသကို သွားနေတဲ့ ဘတ်စကားတွေကို သူပုန်တွေက မီးရှို့ခဲ့တဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆိုင်းငံ့ထားရတယ်လို့ သိရပါတယ်။

အယ်ကိုင်းဒါးအနွယ် ဂျဟတ် ဘတ် အယ်ရှန်အဖွဲ့ လုပ်တာလို့လည်း သတင်းတွေ ထွက်ပေါ်နေပေမယ့် သူပုန်တွေဘက်က မှတ်ချက် မပေးသေးပါဘူး။

အစောပိုင်းက ဆီးရီးယားနိုင်ငံ အလက်ပိုမြို့က ထွက်ခွာဖို့ ကျန်နေသေးတဲ့ ဆီးရီးယားနိုင်ငံသားတွေအတွက် ဘတ်စကားတွေ ရောက်ရှိလာပြီလို့ ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ကြေညာ ထားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကလည်း ကယ်ဆယ်ရေး အစီအစဉ်တွေ မကြာခင် စမယ်လို့ ပြောဆိုထားပါတယ်။

နောက်ဆုံး သဘောတူညီမှုအရ သူပုန်တွေရှိတဲ့ ရွာနှစ်ရွာက လူတထောင် ကျော်လောက်ကို မြို့က ကယ်ထုတ်နိုင်ရေးလုပ်ငန်းကို စတင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဘက်ကလည်း အလက်ပိုမြို့အရှေ့ပိုင်းက ထွက်ခွာရေး အစီအစဉ်ကို စောင့်ကြည့်ဖို့အတွက် ဝန်ထမ်းစေလွှတ်ဖို့ သင့်မသင့်ကို ဒီကနေ့ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ